CNI International News
ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၀
ထိုင်းနိုင်ငံမှ ထောက်ပံ့သည့် လျှပ်စစ်ဓာတ်အားများ ဖြတ်တောက်ခံရမှုကြောင့် တာချီလိတ်လျှပ်စစ်ဓာတ်အား အာဏာပိုင်အဖွဲ့သည် မြို့တွင်းရှိ စားသောက်ဆိုင်များနှင့် ဟိုတယ်များကို ထောက်ပံ့ပေးထားသော လျှပ်စစ် ဓာတ်အားကို ယာယီ လျှော့ချနေရကြောင်း The Nation မှ ဖော်ပြခဲ့သည်။
ပင်မ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးသည့်စနစ်မှ ဓာတ်အားထုတ်လွှတ်မှုသည် လျော့ကျခဲ့သဖြင့် လျှပ်စစ်ဓာတ်အား သုံးစွဲမှုကို လုံလောက်မှုရှိစေရန်အတွက် လျှပ်စစ်ဓာတ်အားများကို ယာယီလျှော့ချမည်ဟု တာချီလိတ် လျှပ်စစ် ဓာတ်အားကော်မတီက ပြောကြားခဲ့သည်။
ထို့ကြောင့် ကော်မတီသည် လျှပ်စစ်ဓာတ်အားများကို အများအပြား အသုံးပြုလေ့ရှိသည့် စားသောက်ဆိုင်များနှင့် ဟိုတယ်များအတွက် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုကို ယာယီလျှော့ချပေးမည်ဖြစ်ပြီး မကြာမီ အချိန်အတွင်း လျှပ်စစ်ဓာတ်အားများကို ပုံမှန်အနေအထားအတိုင်း ပြန်လည်ထောက်ပံ့ပေးမည်ဟု ကြေညာခဲ့သည်။
မည်သို့ပင်ဆိုစေ ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေး၊ အစိုးရဌာနများ၊ ကုန်ထုတ်လုပ်ရေးစက်ရုံများ၊ ဘဏ်များ၊ အင်တာနက် ဝန်ဆောင်မှုကုမ္ပဏီများကိုမူ ပုံမှန်အတိုင်း လျှပ်စစ်ဓာတ်အားများ ထောက်ပံ့ပေးမည်ဟု ကော်မတီ က ကြေညာခဲ့သည်။
တာချီလိတ်မြို့ရှိ ဟိုတယ်ကို တွေ့ရစဉ်
လျှပ်စစ်ဓာတ်အားများ အလေအလွင့် မဖြစ်စေရန်အတွက် မရှိမဖြစ် လိုအပ်သည့် လျှပ်စစ်ဓာတ်အား ပမာဏကို သာ အသုံးပြုခြင်းအားဖြင့် အကူအညီ ပေးသွားမည်ဟုလည်း ကော်မတီက ကြေညာခဲ့သည်။
တာချီလိတ်မြို့တွင် လျှပ်စစ်ဓာတ်အားများ ပြတ်တောက်မှုနှင့်ပတ်သက်ပြီး ထိုကော်မတီ၏ မှတ်ချက်ကို တောင်းခံရန် ဆက်သွယ်ခဲ့သော်လည်း တုန့်ပြန်ခြင်းမရှိသေးပေ။
ဒေသခံမီဒီယာများ၏ ထုတ်ပြန်ချက်အရ ထိုင်းဘက်မှ လျှပ်စစ်ဓာတ်အားများ ဖြတ်တောက်လိုက်ချိန်တွင် တာချီလိတ်မြို့သည် လာအိုနိုင်ငံထံမှ လျှပ်စစ်ဓာတ်အားများကို ဝယ်ယူနေကြောင်း ဖော်ပြခဲ့သည်။
ထိုင်း-မြန်မာ နယ်စပ်ဒေသတွင် ကျားဖြန့်လုပ်ငန်းများကို တိုက်ဖျက်ရန်အတွက် မြန်မာနိုင်ငံ၏ နယ်စပ်ဒေသ ၅ နေရာကို လျှပ်စစ်ဓာတ်အားနှင့် အင်တာနက်လိုင်းများ ထောက်ပံ့မှုကို ဖြတ်တောက်ခြင်းဖြစ်ကြောင်း ထိုင်း ဝန်ကြီးချုပ် ပေတုန်တန် ရှင်နာဝပ်(Paetongtarn Shinawatra) က ပြောကြားခဲ့သည်။
လျှပ်စစ်ဓာတ်အားများ ဖြတ်တောက်ခံရသည့် မြန်မာနယ်စပ်မြို့များထဲတွင် မြဝတီ၊ ဘုရားသုံးဆူ၊ မိုင်းတုံနှင့် တာချီလိတ်မြို့များ ပါဝင်ခဲ့သည်။
Source: The Nation