CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂
ရှမ်းယူနိုက်တက်အသင်းဟာ ၂၀၂၄-၂၅ ရာသီ မြန်မာနေရှင်လိဂ်ပွဲစဉ် ၁၉ အဖြစ် ISPE အသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ ၅ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရပြီး မြန်မာနေရှင်နယ်လိဂ် ချန်ပီယံဆုကို ၆ ကြိမ်မြောက် ရရှိသွားခဲ့ပါတယ်။
ဒီရာသီ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲပြီးဆုံးဖို့ ၃ ပွဲ ကျန်ရှိနေသေးချိန်မှာ ရှမ်းယူနိုက်တက်အသင်းဟာ အမှတ်ပေး ဇယားအဆင့် ၂ နေရာက ရန်ကုန်ယူနိုက်တက်အသင်းကို ၁၁ မှတ်အထိ ဖြတ်ထားနိုင်ခဲ့တာပါ။
အဲဒါကြောင့် ရှမ်းယူနိုက်တက်အသင်းဟာ ရာသီမကုန်ဆုံးခင်မှာ ချန်ပီယံဆုကို ဆက်ပြီး ထိန်းသိမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
အခုတစ်ကြိမ် ရယူနိုင်ခဲ့တဲ့ ချန်ပီယံဆုကြောင့် ရှမ်းယူနိုက်တက်အသင်းဟာ ချန်ပီယံဆု ၆ ကြိမ်နဲ့ မြန်မာ နေရှင်နယ်လိဂ်သမိုင်းမှာ အအောင်မြင်ဆုံး အသင်းအဖြစ် မှတ်တမ်းရေးထိုးနိုင်ခဲ့တာပါ။
မြန်မာနေရှင်နယ်လိဂ် ချန်ပီယံဆုကို ၅ ရာသီ ဆက်တိုက် ရယူနိုင်ခဲ့တဲ့ ရှမ်းယူနိုက်တက်အသင်းဟာ အသင်းကို အားပေးနေတဲ့ ပရိသတ်တွေအားလုံးကို ကျေးဇူးအထူးတင်တယ်လို့ ပြောခဲ့ပါတယ်။
ဒါအပြင် ရှမ်းယူနိုက်တက်အသင်းဟာ ပွဲစဉ် ၁၉ အပြီးထိ ရှုံးပွဲမရှိသေးတာကြောင့် ဒီမှတ်တမ်းကောင်းကို ဆက်ပြီး ရေးထိုးနိုင်ဖို့ ကြိုးစားသွားမယ်လို့လည်း ပြောခဲ့တာပါ။
ရှမ်းယူနိုက်တက်အသင်းဟာ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲမှာ ရှုံးပွဲမရှိ ချန်ပီယံဆုတွေရယူပြီး ရလဒ်ကောင်းတွေ ရရှိနေပေမယ့် ပြည်ပပြိုင်ပွဲတွေမှာ ရုန်းကန်နေရပြီး Shopee Cup ပြိုင်ပွဲမှာ ၅ ပွဲကစား ၅ ပွဲစလုံးအရေး နိမ့်ခဲ့ပါတယ်။
ရှမ်းယူနိုက်တက်အသင်းဟာ AFC Challenge League ပြိုင်ပွဲမှာတော့ ကွာတားဖိုင်နယ်ကို တက်ရောက် ထားနိုင်တာပါ။
ရှမ်းယူနိုက်တက်အသင်းဟာ မတ်လထဲမှာ ကမ္ဘောဒီးယားလိဂ်ကလပ် Preah Khan Reach Svay Rieng FC အသင်းနဲ့ ကွာတားဖိုင်နယ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။