CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁
ခရိုအေးရှားနောက်ခံလူ လိုဗရန်က အသင်းဖော်ဟောင်း ဆာလက်ဟာ လီဗာပူးလ်အသင်းမှာ ဆက်ရှိနေဖို့ထက် ထွက်ခွာဖို့က ပိုနီးစပ်တယ်လို့ ပြောခဲ့ပါတယ်။
လိုဗရန်က “ကျနော်နဲ့ ဆာလက်ဟာ အဆက်အသွယ်ရှိနေတုန်းပါ။ ကျနော်အခုပြောနေတာကို သတိထား ရမှာဖြစ်ပြီး ဘာလို့လဲဆိုရင် ကျနော်ဟာ အများကြီးသိနေလို့ပါ။ ဆာလက်တောင်းဆိုတဲ့ အရာအားလုံးဟာ ထိုက်တန်ပြီး သူဟာ ကွင်းထဲမှာ သူ့အလုပ်ကို သူလုပ်နေပါတယ်။ ဆာလက်ရဲ့အသက်ကို မကြည့်ပါနဲ့ ရော်နယ်ဒိုဆိုရင် အသက် ၄၀ နှစ်ရှိပြီဖြစ်ပေမယ့် ကစားနေတုန်းပါ။ လက်ရှိအခြေအနေမှာ ဆာလက်ဟာ ဆက်ရှိနေဖို့ထက် ထွက်ခွာဖို့က ပိုနီးစပ်ပါတယ်။ လူတိုင်းက သူ့ကိုဆက်ရှိစေချင်နေပါတယ်။ လီဗာပူးလ် အသင်းက သူ့အပေါ်မှာ လုံလောက်တဲ့လေးစားမှုမရှိဘူး” လို့ The Mirror ကိုပြောခဲ့တာပါ။
လီဗာပူးလ်အသင်းနောက်ခံလူဟောင်း လိုဗရန်ဟာ အန်ဖီးလ်ကလပ်မှာ ဆာလက်နဲ့ ၃ ရာသီကြာအတူ တွဲကစားခဲ့ပြီး အခုအချိန်ထိလည်း အဆက်အသွယ်ရှိနေတာဖြစ်ပါတယ်။
လီဗာပူးလ်အသင်းနဲ့ ဆာလက်တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ဒီရာသီကုန်ရင်ကုန်ဆုံးပြီဖြစ်ပေမယ့် အခုအချိန်ထိ စာချုပ်သစ်အတွက် သဘော တူညီမှုမရရှိသေးတာပါ။
လိုဗရန်ကတော့ လီဗာပူးလ်အသင်းအနေနဲ့ စာချုပ်သစ်အတွက် ဆာလက်တောင်းဆိုတဲ့ လုပ်ခလစာတွေကို ဖြည့်ဆည်းပေးသင့်တယ်လို့ ပြောခဲ့ပါတယ်။
ဆာလက်ကိုယ်တိုင်ကလည်း လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့က ဝေးကွာနေပြီး ဒီရာသီက သူ့ရဲ့ နောက်ဆုံးရာသီဖြစ်တယ်လို့ ပြောထားတာပါ။
အသက် ၃၂ နှစ်အရွယ်ရှိ ဆာလက်ဟာ ဒီရာသီမှာ လီဗာပူးလ် အသင်းအတွက် ၃၄ ပွဲပါဝင်ကစားထားပြီး ၂၆ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၈ ကြိမ်ပြုလုပ်ထားတာဖြစ်ပါတယ်။
ဆာလက်ဟာ ဒီရာသီမှာ လီဗာပူးလ်အသင်းကို ပရီးမီးယားလိဂ်၊ချန်ပီယံလိဂ်နဲ့ ကာရာဘောင်းဖလားရယူပေးနိုင်ဖို့ အာရုံစိုက်နေပါတယ်။
လီဗာပူးလ်အသင်းဟာ ကြားရက်ထဲမှာ ပရီးမီးယားလိဂ်ပွဲကျန်အဖြစ် အဲဗာတန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source:Goal