CNI International News

တိုင်ပေ၊ ဖေဖော်ဝါရီ ၁၁

ထိုင်ဝမ်သည် အမေရိကန်နိုင်ငံ အလက်စကာ (Alaska) ပြည်နယ်မှ သဘာဝဓာတ်ငွေ့များကို ဝယ်ယူရန် စိတ်ဝင် စားနေကြောင်း ထိုင်ဝမ်စီးပွားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၀ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

အမေရိကန်နှင့် ကုန်သွယ်ရေး ပိုငွေပြမှုကို ကျဉ်းမြောင်းစေရန် အပါအဝင် အမေရိကန်၏ အခွန်တိုးကောက်မည့် အစီအစဉ်ကို ကာမိစေရန်အတွက် ထိုင်ဝမ်က ကြိုးပမ်းနေခြင်းဖြစ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် ယခုသီတင်းပတ်မှစပြီး အမေရိကန်သို့ တင်ပို့သည့် ပြည်ပကုန်စည်အများစုကို အခွန်များ တိုးမြှင့်ကောက်ခံမည်ဟု ဖေေဖာ်ဝါရီ ၇ ရက် ကတည်းက ကြေညာခဲ့သည်။

ထိုင်ဝမ်သည် အမေရိကန်နှင့် ကုန်သွယ်ရေးတွင် ကုန်သွယ်ရေး ပိုငွေပြမှု အလွန်များပြားခဲ့ပြီး ပြီးခဲ့သည့်နှစ်က ကုန်သွယ်ရေး ပိုငွေပြမှု ၈၃ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။

ထိုင်ဝမ်၏ နာမည်ကြီး တစ်ပိုင်းလျှပ်ကူးပစ္စည်း (semiconductor) များကဲ့သို့  နည်းပညာမြင့် ထုတ်ကုန်များကို အမေရိကန်၏ ဝယ်လိုအား မြင့်တက်ခဲ့သဖြင့် ထိုင်ဝမ်မှ အမေရိကန်သို့ တင်ပို့သည့် ပို့ကုန်တန်ဖိုးသည် ဒေါ်လာ ၁၁၁ ဒသမ ၄ ဘီလျံအထိ မြင့်တက်လာခဲ့သည်။

သဘာဝဓာတ်ငွေတင် သင်္ဘောကို တွေ့ရစဉ်

ထိုင်ဝမ်အစိုးရပိုင် CPC  စွမ်းအင်ကုမ္ပဏီက အမေရိကန်၏ အလက်စကာ သဘာဝဓာတ်ငွေ့များကို ဝယ်ယူရန် စိတ်ဝင်စားနေကြောင်း ထိုင်ဝမ်စီးပွားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ထိုင်ဝမ်နှင့် အလက်စကာအကြား သင်္ဘောလမ်းကြောင်းသည် ကွာဝေးခြင်း မရှိသော်လည်း ထိုင်ဝမ်စီးပွားရေး ဝန်ကြီးဌာနက အသေးစိတ် ပြောကြားခဲ့ခြင်းမရှိဘဲ CPC ကလည်း မှတ်ချက်ပေးရန် တောင်းဆိုချက်ကို ချက်ချင်း တုန့်ပြန်ခဲ့ခြင်းမရှိပေ။

ထိုင်ဝမ်၏ သဘာဝဓာတ်ငွေ့ရည် (LNG) အများစုသည် ဩစတြေးလျနှင့် ကာတာနိုင်ငံတို့မှ တင်သွင်းဝယ်ယူ ခြင်းဖြစ်ပြီး အမေရိကန်မှ ဝယ်ယူသည့် ပမာဏမှာ ၁၀ ရာခိုင်နှုန်းခန့်သာ ရှိသည်။

အမေရိကန်နှင့် ကုန်သွယ်ရေး ပိုငွေပြမှုကို လျှော့ချရန်အတွက် CPC သည် အမည်မဖော်လိုသည့် အလက်စကာ ပြည်နယ်မှ ကုမ္ပဏီတစ်ခုနှင့် ဆွေးနွေးနေကြောင်း ထိုင်ဝမ်အစိုးရပိုင် မီဒီယာက ဖေဖော်ဝါရီ ၉ ရက်တွင် ဖော်ပြခဲ့သည်။

Source: ရိုက်တာ