CNI Sport News

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁

ပေါ်တူဂီတိုက်စစ်ကစားသမား ဂျာအိုဖီးလစ်ဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ အေစီမီလန်အသင်းထံ အငှားနဲ့ မပြောင်းရွှေ့ခင် အင်တာမီလန်အသင်းကို ငြင်းခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ဂျာအိုဖီးလစ်က “အင်တာမီလန်ရဲ့ ကမ်းလှမ်းမှုကို ကျနော့်ရဲ့ အေးဂျင့်က ပြောခဲ့ပေမယ့် ကျနော်ကတော့ အေစီမီလန်နဲ့ စပြီးဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးသားပါ။ ဒါက အမြဲတမ်း ကျနော့်ရဲ့စိတ်ကူးပါ။ ကျနော့်ရဲ့ ရည်ရွယ်ချက်က အသင်းကိုကူညီပြီး ဆုဖလားတွေ ရယူနိုင်ဖို့ပါ။ အရေးကြီးတာကတော့ နိုင်ပွဲရယူနိုင်ဖို့ပါ။ နည်းပြတောင်းဆိုတဲ့ အရာတွေအားလုံးကို ကျနော် အကောင်းဆုံး လုပ်သွားမှာပါ”လို့ ပြောခဲ့တာပါ။ 

ဂျာအိုဖီးလစ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့က အင်တာမီလန်အသင်း အပါအဝင် အသင်းအများအပြားရဲ့ စိတ်ဝင်စားမှုကို ရခဲ့ပေမယ့် ချယ်လ်ဆီးအသင်းကနေ အေစီမီလန်အသင်းထံ ရာသီအကုန်ထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

 ဂျာအိုဖီးလစ်ကို တွေ့ရစဉ်

ဂျာအိုဖီးလစ်ရဲ့ အငှားစာချုပ်ထဲမှာ အေစီမီလန်အသင်းက သူ့ကို အပြီးသတ် ခေါ်ယူခွင့် မပါဝင်ပေမယ့် ကစားသမားကတော့ အသင်းမှာ ဆက်ရှိနေနိုင်တယ်လို့ ပြောခဲ့တာပါ။

ဂျာအိုဖီးလစ်က “လက်ရှိအချိန်မှာ ကျနော်ဟာ အငှားလာရောက်ခဲ့ပေမယ့် ဘယ်လိုဖြစ်လာမလဲဆိုတာ မြင်တွေ့ ရမှာပါ။ အရေးကြီးတာက အကောင်းဆုံး လုပ်နိုင်ဖို့နဲ့ ကျနော်ဒီမှာ ပျော်ရွှင်နေပါတယ်။ ဘောလုံးဟာ အရာ အားလုံးကို ပြောင်းလဲနိုင်တာကြောင့် ဆက်ရှိနေရမယ်ဆိုရင်လည်း ကျနော်ဒါကို နှစ်သက်ပါတယ်”လို့ ပြောခဲ့ပါ တယ်။ 

ရိုးမားအသင်းနဲ့ ကိုပါအီတာလီယာဖလားပွဲစဉ်မှာ အေစီမီလန်အသင်းအတွက် ပွဲဦးထွက်ပြီး ဂိုးသွင်းနိုင်ခဲ့တဲ့ ဂျာအိုဖီးလစ်ဟာ အေစီမီလန်အသင်းမှာ သူအနှစ်သက်ဆုံး ကစားသမားက ကာကာဖြစ်ပြီး သူလုပ်ခဲ့သလိုမျိုး သမိုင်းကို ဖန်တီးချင်တယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။ 

Source: ESPN