CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁
ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာအသင်းနဲ့ စာချုပ်သက်တမ်း တိုးဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလက ၂ နှစ်ခွဲစာချုပ်နဲ့ အယ်လ်နာဆာအသင်းထံ ပြောင်းရွှေ့လာခဲ့တဲ့ ရော်နယ်ဒိုရဲ့ စာချုပ် ဟာ ဒီရာသီကုန် ရင်ကုန်ဆုံးပြီဖြစ်တာပါ။
ဒါပေမယ့် အယ်လ်နာဆာအသင်း တာဝန်ရှိသူတစ်ဦးက ရော်နယ်ဒိုဟာ အသင်းနဲ့ နောက်ထပ် တစ်နှစ် သက်တမ်းတိုးဖို့ သဘောတူညီခဲ့တယ်လို့ AFP ကို ပြောခဲ့တာဖြစ်ပါတယ်။
အဲဒါကြောင့် ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းမှာ ၂၀၂၆ ခုနှစ်၊ ဇွန်လအထိ ဆက်ပြီးရှိနေတော့မှာပါ။
ရော်နယ်ဒိုကို တွေ့ရစဉ်
အယ်လ်နာဆာအသင်း တာဝန်ရှိသူက “ရော်နယ်ဒိုနဲ့ စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှု ရရှိထားပါတယ်။ ဒါပေမယ့် စာချုပ်ထဲမှာ လက်မှတ် မထိုးရသေးပါဘူး။ လာမယ့် ရက်ပိုင်းအတွင်းမှာ စာချုပ်သက်တမ်းတိုးတဲ့ ကြေညာချက်ကို ထုတ်ပြန်သွားမှာပါ”လို့ ပြောခဲ့ပါတယ်။
ရော်နယ်ဒိုဟာ အသက် ၄၀ နှစ်ပြည့်ပြီးနောက် ရက်ပိုင်းအကြာမှာ စာချုပ် သက်တမ်းတိုးမယ့် သတင်းထွက်ပေါ် လာခဲ့တာပါ။
ပေါ်တူဂီဝါရင့် ကစားသမားဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အယ်လ်နာဆာအသင်းမှာ သူ့ရဲ့ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို အဆုံးသတ်နိုင်တယ်လို့ ပြောထားပါတယ်။
ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းထံ ပြောင်းရွှေ့လာပြီးကတည်းက ပြိုင်ပွဲစုံ ၉၆ ပွဲ ပါဝင်ကစားထားပြီး ၈၈ ဂိုး သွင်းယူကာ အာရပ်ကလပ် ချန်ပီယံများဖလားကို ရယူထားနိုင်တာပါ။
အယ်လ်နာဆာအသင်းဟာ ဖေဖော်ဝါရီ ၁၃ ရက်မှာ ဆော်ဒီပရိုလိဂ်ပွဲစဉ်အဖြစ် အယ်လ်အာလီအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Goal