CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁
ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၄ ရာသီ ဆက်တိုက် တွေ့ဆုံရမယ့် မန်စီးတီးနဲ့ရီးရယ်လ်အသင်းတို့ဟာ ကလက်စီကိုနဲ့တူတယ်လို့ ခံစားရကြောင်း ပလေးအော့ဖ် ပထမအကျော့ ပွဲမတိုင်ခင်မှာ ပြောခဲ့ပါတယ်။
အန်ဆယ်လော့တီက “ကျနော်တို့ရဲ့ တွေ့ဆုံမှုက ကလက်စီကိုနဲ့ တူတယ်လို့ ခံစားရပါတယ်။ ဘာလို့လဲဆိုရင် ကျနော်တို့ဟာ သူတို့နဲ့ နှစ်ပေါင်းများစွာ ကစားခဲ့လို့ပါ။ မန်စီးတီးဟာ ဥရောပရဲ့ အကောင်းဆုံး အသင်းတွေထဲက တစ်သင်းလို့ ကျနော်ထင်နေတုန်းပါပဲ။ ဒီပွဲဟာ အခက်အခဲဆုံး ပွဲတွေထဲက တစ်ပွဲပါ။ နောက်တဆင့်ကို တက်နိုင် မယ့် အသင်းဟာ ပြိုင်ပွဲရဲ့ နောက်ထပ်အဆင့်တွေကို ရောက်နိုင်ဖို့ အလားအလာရှိပါတယ်။ ပြီးခဲ့တဲ့နှစ်တွေမှာ ဒီပွဲအနိုင်ရတဲ့အသင်းဟာ ချန်ပီယံလိဂ်ဖလားကို ရရှိခဲ့ပါတယ်”လို့ ပြောခဲ့တာပါ။
မန်စီးတီးနဲ့ ရီးရယ်လ်အသင်းတို့ဟာ ပြီးခဲ့တဲ့နှစ်တွေက ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ် ဒါမှမဟုတ် ကွာတားဖိုင်နယ်မှာ တွေ့ဆုံခဲ့ကြပြီး ၂၀၂၂ နဲ့ ၂၀၂၄ ခုနှစ်တွေမှာ ရီးရယ်လ်အသင်း အနိုင်ရခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ မန်စီးတီးအသင်း အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းနဲ့ ရီးရယ်လ်အသင်း ယှဉ်ပြိုင်နေစဉ်
ဒီနှစ်မှာတော့ ၂ သင်းစလုံးဟာ ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ ရုန်းကန်ခဲ့ရတာကြောင့် ပလေးအော့ဖ်အဆင့်မှာ စောစီးစွာ ထိပ်တိုက်တွေ့ဆုံနေခဲ့တာပါ။
မန်စီးတီးအသင်းဟာ ဒီရာသီမှာ ရလဒ်ဆိုးတွေကြောင့် ပရီးမီးယားလိဂ် အဆင့် ၅ နေရာ ရပ်တည်နေပြီး ရီးရယ်လ် အသင်းကတော့ လာလီဂါထိပ်ဆုံးနေရာ ရပ်တည်နေပေမယ့် ခံစစ်ဒဏ်ရာ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
ဒါပေမယ့် ဒီ ၂ သင်း နောက်ဆုံးတွေ့ခဲ့တဲ့ ၃ ရာသီဆက်တိုက်မှာ ၂ ကြိမ် အနိုင်ရခဲ့တဲ့ ရီးရယ်လ်အသင်းဟာ ချန်ပီယံလိဂ်ဖလား ၂ ကြိမ် ရယူနိုင်ခဲ့ပြီး ၁ ကြိမ် အနိုင်ရခဲ့တဲ့ မန်စီးတီးအသင်းက ချန်ပီယံလိဂ်ဖလား ၁ ကြိမ် ရယူနိုင်ခဲ့တာပါ။
ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီက ဂွာဒီယိုလာဟာ သူ့ရဲ့အသင်းဆီကို အသစ်အဆန်းတွေ ယူဆောင်ဖို့ အမြဲတမ်းကြိုးစားတဲ့သူဖြစ်လို့ သူ့ရဲ့မန်စီးတီးအသင်းနဲ့ ရင်ဆိုင်ရတာဟာ အမြဲတမ်း ခေါင်းကိုက်စေတယ်လို့လည်း ပြောခဲ့ပါတယ်။
မန်စီးတီးနဲ့ ရီးရယ်လ်အသင်းတို့ရဲ့ ချန်ပီယံလိဂ် ပလေးအော့ဖ် ပထမအကျော့ပွဲစဉ်ကို ဇန်နဝါရီ ၁၂ ရက်မနက်ပိုင်း အီးတီဟတ်ကွင်းထဲ ယှဉ်ပြိုင်သွားကြမှာ ဖြစ်ပါတယ်။
Source:ESPN