CNI Interview

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂

နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင်(NSCN-K/AM)အဖွဲ့သည် ၂၀၂၃ ခုနှစ်က NSCN-K/YA အဖွဲ့ ကနေ ခွဲထွက်ရေး သီးသန့် နာဂ လက်နက်ကိုင်အဖြစ် ထူထောင်ခဲ့သည်။

ထို့နောက် နာဂဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာ-အိန္ဒိယအစိုးရတို့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးလျက်ရှိနေ သည်။

တခြား တစ်ဖက်မှာလည်း မြန်မာဘက်ခြမ်း နာဂဒေသတွင် နာဂလက်နက်ကိုင် အဖွဲ့အစည်းများစွာ ရှိနေခြင်း ကြောင့် ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ခြိမ်းခြောက်နေသည်။

အဆိုပါ အခြေအနေများနှင့်ပတ်သက်ပြီး NSCN-K/AM အဖွဲ့မှ ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့ဥက္ကဋ္ဌ ဦးချင်းအောင်ကို CNI သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

CNI သတင်းဌာန ။              ။ NSCN-K/AM က အခု အိန္ဒိယအစိုးရနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် လုပ်နေတယ်လို့ သိရတယ်။ ဘယ်လို အခြေအနေ ရှိကြပါသလဲ။

NSCN-K/AM      ။              ။ အိန္ဒိယနဲ့ ကျနော်တို့ လောလောဆယ် ဆွေးနွေးမှု Process မှာပဲရှိနေပါသေးတယ်။ ဆွေးနွေးမှု Process အတိုင်းအတာ တစ်ခုအနေအထားမှာပဲ ရှိနေသေးတယ်။ သူတို့ကလည်း ကျနော်တို့ကို လက်မခံနိုင်တာ ကျနော်တို့ကျတော့ နယ်စပ်ရဲ့ခြံစည်းရိုးကို လုံးဝအကာမခံဘူး။ မကာပါနဲ့ဆိုတဲ့ဟာကို ကျနော်တို့ က ကြေညာချက်ထုတ်ထားတာ။ ဒီအတွက်ကြောင့်မလို့ နည်းနည်းလေး နောက်ကျနေတာလေးတွေ ရှိတယ်။

CNI သတင်းဌာန ။              ။ ဒါဆို အိန္ဒိယဘက်က ခြံစည်းရိုးမကာဘူးဆိုရင် ဆရာတို့က ငြိမ်းချမ်းရေး ဆွေးနွေး တဲ့အခါမှာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်တယ်လို့ ယေဘုယျ ပြောလို့ရလား။

NSCN-K/AM      ။              ။ ကျနော်တို့ကျတော့ ကျနော်တို့ရဲ့ မူဝါဒထဲမှာကျတော့ အိန္ဒိယနဲ့ နယ်စပ်မျဉ်းတွေမှာ ကျတော့ နာဂလူမျိုးတွေရှိတယ်။ အိန္ဒိယကကျတော့ ငြိမ်းချမ်းရေးဆိုပေမယ့် ခြံစည်းရိုးခတ်မယ်လို့ ပြောလာတဲ့ အခါကျတော့ အခက်အခဲဖြစ်ပြီး Process ထဲမှာပဲရှိသေးတယ်။ ဆွေးနွေးနေဆဲပဲ ရှိသေးတယ်။ ဆွေးနွေးနေတုန်းပဲ ရှိသေးတယ်။ အဲဒါလေး လာညှိနေတာ။ ဒါကြောင့် ကျနော်တို့က လုံးဝ ခြံစည်းရိုးမခတ်ပါနဲ့ဆိုပြီးတော့ ကန့်ကွက်ထားတာရှိတယ်။

 NSCN-K/AM အဖွဲ့ကို တွေ့ရစဉ်

CNI သတင်းဌာန ။              ။ အခု ဆရာတို့ ဆွေးနွေးနေတယ်ဆိုတာက အိန္ဒိယဗဟိုအစိုးရနဲ့လား၊ ပြည်နယ်အစိုး ရနဲ့လား။

NSCN-K/AM      ။              ။ ဗဟိုအစိုးရနဲ့ ဆွေးနွေးနေတယ်ဗျ။

CNI သတင်းဌာန ။              ။ ဒါဆို ဆွေးနွေးနေဆဲအဆင့်လား သို့မဟုတ် ဆွေးနွေးပွဲက ခြံစည်းရိုး ကာဖို့မကာဖို့နဲ့ ရပ်နေတဲ့အဆင့်လား။

NSCN-K/AM      ။              ။ ဟုတ်တယ် အဲ့အတိုင်းအတာဖြစ်နေတယ်။ ပထမတစ်ကြိမ် ဆွေးနွေးပြီပြီး။ ဒုတိယ အကြိမ်မှာ ဒီကိစ္စတွေဖြစ်နေတယ်။ အဲတော့ ၂ ကြိမ်တော့ တွေ့ပြီပြီး။

CNI သတင်းဌာန ။              ။ မြန်မာအစိုးရနဲ့ကျတော့ရော ဘယ်လိုပုံစံမျိုး ဆရာတို့ ဆက်သွားနေလဲ။

NSCN-K/AM      ။              ။ မြန်မာအစိုးရနဲ့ကျတော့ ကျနော်တို့က ဘာပဲဖြစ်ဖြစ် ကျနော်တို့ နာဂဒေသက တအားကြီး ခေတ်နောက်ကျခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀-၆၀ ကတည်းက ကျနော်တို့ နာဂဒေသက ဖွံ့ဖြိုးမှု တအားနောက်ကျခဲ့တယ်။ အဲဒီအတွက်ကြောင့်မလို့ ကျနော်တို့ နာဂဒေသကို တည်ငြိမ်အေးချမ်းအောင် တည် ဆောက်မယ်ဆိုတဲ့ဟာနဲ့ ကျနော်တို့ မြန်မာအစိုးရနဲ့ ငြိမ်းချမ်းရေး ယူပြီးတော့မှ ကျနော်တို့ ဒေသဖွံ့ဖြိုးရေး၊ ကျန်းမာရေး၊ ပညာရေးကိစ္စတွေ ဆောင်ရွက်မယ်ဆိုပြီးတော့ ကျနော်တို့ ဒီ Process တွေ ကျနော်တို့ သွားနေ တယ်။

 CNI သတင်းဌာန ။              ။ ဒါဆို လက်ရှိမှာ မြန်မာအစိုးရနဲ့ ဆရာတို့အဖွဲ့ ငြိမ်းချမ်းရေး စာချုပ်ချုပ်ပြီပြီးလား။ စာချုပ်ချုပ်ဖို့အတွက် ဆွေးနွေးဆဲ အဆင့်ပဲလား။

NSCN-K/AM      ။              ။ လောလောဆယ် ကျနော်တို့ ဆွေးနွေးတဲ့အဆင့်ပဲ ရှိပါသေးတယ်။ ဆွေးနွေးတဲ့ အဆင့်ဆိုတာက စာချုပ်လက်မှတ်ရေးထိုးတဲ့ အဆင့်တော့ မရှိသေးဘူး။ ကျနော်တို့က လောလောဆယ် အပြု သဘောအနေနဲ့ ကျနော်တို့ ဆွေးနွေးထားတဲ့အဆင့်ပဲ ရှိပါသေးတယ်။

 NSCN-K/AM အဖွဲ့ကို တွေ့ရစဉ်

CNI သတင်းဌာန ။              ။ ဆရာတို့အဖွဲ့ကို သူတို့(မြန်မာအစိုးရ)က BGF အနေနဲ့ ဆွေးနွေးတာလား၊ ပြည်သူ့စစ်ထားဖို့ဆွေးနွေးတာလား သို့မဟုတ် EAO အနေဖြင့် ဆွေးနွေးသလား။ ဘယ်လိုသဘောထားနဲ့ ဆွေးနွေးသလဲ။

NSCN-K/AM      ။              ။ ကျနော်တို့ကိုကျတော့ အဲလို BGF တို့ ဘာတို့မျိုးမဟုတ်ဘူး။ ကျနော်တို့လည်း ကျနော်တို့ကျတော့ နာဂလက်နက်ကိုင် ဖြစ်တဲ့အတွက်ကြောင့်မလို့ ကျနော်တို့ NSCN က Independent ဆိုတဲ့ လမ်းစဉ်ကို သွားတဲ့အခါမှာ ကျနော်တို့ ဘယ်တော့မှ လက်နက်မကျဘူး။ 
ဒါပေမဲ့ ကျနော်တို့ ဒေသကို ကျနော်တို့ ကာကွယ်မယ်ဆိုတဲ့ လမ်းစဉ်ကိုသွားမယ် အဲအတိုင်းပဲ ကျနော်တို့ ဆွေးနွေးတာ။

CNI သတင်းဌာန ။              ။ ဒါဆို ဆရာတို့အဖွဲ့ (NSCN-K/AM)ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAO) အနေနဲ့ လက်ခံပြီး ဆွေးနွေးတယ်လို့ နားလည်လို့ရလား။ 

NSCN-K/AM      ။              ။ ဟုတ်တယ် ဟုတ်တယ်။ အဲဒီအတိုင်းပါပဲ။ လက်ခံပြီး ဆွေးနွေးတယ်။

CNI သတင်းဌာန ။              ။ တချို့ကျတော့ သူတို့(မြန်မာအစိုးရ)က BGF ပုံစံမျိုး၊ ပြည်သူ့စစ်ပုံစံမျိုး ဖွဲ့စည်းစေ ချင်တာမျိုး အလာသဏ္ဍန် သဘောထားပေးပြီးတော့မှ ဆွေးနွေးတာမျိုးရှိတော့လေ။ အဲတော့ ဆရာတို့ကိုကျတော့ ဘယ်လိုပုံစံမျိုးနဲ့ ရပ်တည် ဆွေးနွေးခွင့်ရတာလဲ။

NSCN-K/AM      ။              ။ သူတို့ကတော့ ကျနော်တို့ကို အဲလို(BGF)ကမ်းလှမ်းတယ်။ ဒါပေမဲ့ ကျနော်တို့ ကတော့ လုံးဝ လက်သင့်မခံဘူး။ BGF ဆိုတဲ့ဟာကို၊ ပြည်သူ့စစ်ဆိုတဲ့ဟာကို ကျနော်တို့ လက်သင့်မခံပါဘူး။ ကျနော်တို့ကျတော့ ဘာလို့ဆို NSCN က ဘာပဲဖြစ်ဖြစ် Independent ဆိုတဲ့ မူဝါဒနဲ့သွားနေတာ ဖြစ်တဲ့အခါကျ တော့လေ။ ကျနော်တို့က သူတို့ကို ဘယ်တော့မှ ကျနော်တို့ နယ်ခြားစောင့်လည်း လုပ်မှာမဟုတ်ဘူး၊ ပြည်သူ့စစ်လည်း လုပ်မှာ မဟုတ်ဘူး။ သူတို့ဆီမှာ လက်နက်ချပြီး ငြိမ်းချမ်းရေးယူမှာလည်း မဟုတ်ဘူး။ ဒါပေမဲ့ ကျနော်တို့က မြန်မာအစိုးရနဲ့ အဓိက ကျနော်တို့ ဒေသဖွံ့ဖြိုးရေးပေါ့။ ဒါကို အဓိကဦးတည်ပြီးတော့မှ ကျနော်တို့ ငြိမ်းချမ်းရေး လုပ်မယ်။ ဒေသအခြေခံပြီး အလုပ်လုပ်မယ်လို့ အဲအတိုင်းပဲ ကျနော်တို့ ဆွေးနွေးနေတာဖြစ်တယ်။

NSCN-K/AM အဖွဲ့ကို တွေ့ရစဉ်

CNI သတင်းဌာန ။              ။ အခုအဲဒီ ဆွေးနွေးမှုက ဘယ်လောက်အတိုင်းအတာထိ ပေါက်မြောက်နေပြီးလဲ။ 

NSCN-K/AM      ။              ။ ဘယ်လောက်ထိ ပေါက်မြောက်နေပြီးလဲဆိုတော့ ကျနော်တို့ အခုထိတော့ လက်မှတ်မထိုးရသေးတာပဲ ကျန်တယ်။ ကျန်တဲ့ အုပ်ချုပ်ရေးယန္တရားတော့ ကျနော်တို့ ပေါင်းစပ်လုပ်တာ အောင်မြင်တယ်။ 

CNI သတင်းဌာန ။              ။ ဒါဆို ဆရာတို့ဘက်က အဆိုပြုတဲ့အချက်တွေက ဘယ်အချက်တွေ ပါဝင်လဲ။

NSCN-K/AM      ။              ။ ကျနော်တို့ အဆိုပြုတဲ့အထဲမှာတော့ အဓိကကျတဲ့ လုပ်ငန်းက ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေ၊ ဒေသရဲ့ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး ဒီကိစ္စတွေကို ကျနော်တို့ NSCN အဖွဲ့အစည်းကနေလည်းပဲ မြန်မာအစိုးရနဲ့ ဝိုင်းဝန်းပြီးတော့မှ ဆောင်ရွက်နေပါတယ်။ အဲဒီအချက်ပဲ ပိုပြီးတော့မှ ကျယ်ပြန့်တဲ့အတိုင်းအတာ တစ်ခုရှိတယ်။

CNI သတင်းဌာန ။              ။ ဒါဆို တပ်နေရာ ချထားရေး အခြေအနေကရော ဘယ်လိုပုံစံမျိုး နားလည်မှုယူထား ပါသလဲ။

NSCN-K/AM      ။              ။ တပ်နေရာချထားရေးကတော့ လောလောဆယ်ကတော့ ကျနော်တို့ နားလည်မှုနဲ့ပဲ ကျနော်တို့ နယ်မြေယူနိုင်တဲ့ အတိုင်းအတာနဲ့ပဲ နယ်မြေယူတယ်။ 

CNI သတင်းဌာန ။              ။ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနဲ့ လုံခြုံရေးကျတော့ရော ဘယ်လိုပုံစံမျိုး NSCN-K/AM တို့က လျှောက်လှမ်းနေလဲ။ မြန်မာ့တပ်မတော်နဲ့ မဟာမိတ် လုပ်ပြီးသွားနေတာလား။ ကိုယ့်ဘာသာပဲ သီးသန့် သွားနေတာလား။ အဲဒီထဲ(နာဂဒေသ)မှာလည်း လက်နက်ကိုင်အဖွဲ့တွေက ပေါင်းစုံဖြစ်နေတော့လေ။

NSCN-K/AM      ။              ။ ဟုတ်ကဲ့ပါ ကျနော်တို့ကတော့ ဘာပဲဖြစ်ဖြစ် လောလောဆယ်ကတော့ ပွင့်ပွင့်လင်း လင်း ပြောရမယ်ဆိုရင် ကျနော်တို့ဒေသမှာ အခု အဖွဲ့အစည်း အများကြီး ရှိနေတဲ့အတွက်ကြောင့်မလို့ သူတို့ အဖွဲ့ တွေနဲ့လည်း ကျနော်တို့ ချိတ်ဆက်နေတယ်။ ကျနော်တို့ KIA ဘာညာကိုလည်း ချိတ်ဆက်ထားတယ်။ သူတို့ကိုလည်းပဲ ကျနော်တို့ကတော့ နာဂဒေသကို လုံးဝ အနှောင့်အယှက်မပေးပါနဲ့ဆိုတဲ့ အတိုင်းအတာကို ကျနော်တို့ ချိတ်ဆက်နေတာရှိတယ်။

NSCN-K/AM နဲ့ NNC အဖွဲ့တို့ တွေ့ဆုံကြစဉ်

CNI သတင်းဌာန ။              ။ KIA နဲ့ ဆက်ဆံဖို့အတွက် ချိတ်ဆက်နေတဲ့ အတိုင်းအတာက ဘယ်လောက် အနေအထားထိ ရှိနေပြီးလဲ။ တွေ့ဆုံပြီးကြပြီးလား။

NSCN-K/AM      ။              ။ အဲလို တွေ့တယ်ဆိုတာတော့ မဟုတ်ဘူး။ ကျနော်တို့က မက်ဆေ့စ် တစ်ခုနဲ့ပဲ ကျနော်တို့ သွားနေကြတာ။ လူချင်းတော့ တွေ့တာ မရှိသေးဘူး။

CNI သတင်းဌာန ။              ။ KIA ဘက်ကရော သူတို့ သဘောထားကို ဆရာတို့ဘက်ကို ဘာများ အကြောင်းပြန် တာရှိသလဲ။

NSCN-K/AM      ။              ။ လောလောဆယ် ကျနော်တို့ကို အဲကိစ္စတော့ ဘာအကြောင်းပြန်ချက်တော့ ဘာမှ မရှိသေးဘူး။ 

CNI သတင်းဌာန ။              ။ ဒါဆို အိန္ဒိယအစိုးရနဲ့ဆိုရင် ဆရာတို့က ဘယ်လိုပုံစံမျိုးဆိုရင် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်တယ်၊ ငြိမ်းချမ်းရေး ယူနိုင်တယ်လို့ ဆုံးဖြတ်ထားလဲ။ နောက်တစ်ခုက မြန်မာအစိုးရနဲ့ဆိုရင်ရော ဘယ်လိုပုံစံမျိုးဆိုရင် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်တယ်၊ ငြိမ်းချမ်းရေး ယူနိုင်တယ်လို့ ဆုံးဖြတ်ထားလဲ။ အဲဒီအပိုင်းကို ကျနော် သီးခြားစီ သိလိုပါတယ်။

NSCN-K/AM      ။              ။ အိန္ဒိယအစိုးရနဲ့ကတော့ ကျနော်တို့ လောလောဆယ် Process ထဲမှာပဲ သွားနေ တုန်း။ အိန္ဒိယအစိုးရကလည်း ကျနော်တို့ကို ကမ်းလှမ်းထားတာရှိတယ်။ အိန္ဒိယအစိုးရနဲ့က အဲဒီ ခြံစည်းရိုး ခတ်တဲ့ကိစ္စ ကျနော်တို့က ကန့်ကွက်ထားတာကြောင့် ဒီဟာလေးကို နည်းနည်းညှိနေရတုန်းပဲရှိတယ်။  
မြန်မာအစိုးရနဲ့ကျတော့ ကျနော်တို့က ဘာပဲဖြစ်ဖြစ် လောလောဆယ် NSCN အနေနဲ့ မြန်မာပြည်ဘက်မှာ အခြေချပြီးတော့မှ လုပ်တဲ့အခါကျတော့ ကျနော်တို့ တောင်းဆိုချက်တွေကို ဘယ်လောက်လိုက်လျောနိုင်မလဲပေါ့၊ အဲအပေါ်မှာ မူတည်မှာပါ။

CNI သတင်းဌာန ။              ။ အရင်တုန်းက ဦးကပ္ပလန် ဦးဆောင်တုန်းက NSCN-K က တိုင်းဒေသကြီးအဆင့် ထိုးထားတဲ့စာချုပ်ရှိတယ်လေ။ အဲဒီစာချုပ်ကရော ဆရာတို့နဲ့ဆက်ပြီး ဆွေးနွေးနေသေးလား။ ဒါမှမဟုတ် အဲစာချုပ် မပါတော့ဘဲနဲ့ သီးသန့် လမ်းကြောင်းတစ်ခုနဲ့ NSCN-K/AM က သွားနေကြတာလား။ 

NSCN-K/AM      ။              ။ ကျနော်တို့က အဲစာချုပ်အတိုင်းပဲ ပြန်ပြီးတော့မှ ဆက်ပြီးတော့မှသွားတာ။ ကျနော်တို့ကတော့ ကိုယ့်ဒေသ ကိုယ့်လူမျိုးတွေရဲ့ အခြေအနေကို နိုင်ငံအခင်းအကျင်း ဘယ်လိုပဲ ဖြစ်နေနေပါ ကျနော်တို့ နာဂဒေသဆိုတာ တကယ်ကို နောက်ကျနေတဲ့အတိုင်းအတာမှာ ရှိနေတဲ့အတွက်ကြောင့်မလို့ ကျနော်တို့ နာဂဒေသရဲ့ ဖွံ့ဖြိုးရေးကိစ္စတွေ၊ ကျန်းမာရေး၊ ပညာရေးကိစ္စတွေကို ကျနော်တို့ အကောင်းဆုံး ဖြစ်အောင် ကျနော်တို့ ရပ်တည်နေတယ်။