CNI News

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀

နိုင်ငံရေးပါတီများအနေဖြင့် ပါတီများ၏ မူဝါဒပိုင်းကို လူထုယုံကြည်မှု ရစေရန် လုပ်ဆောင်သင့်ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) မှ ဒုဥက္ကဋ္ဌ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများအနေဖြင့် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်သွားရမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်တွင် ပြည်ထောင်စု အစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ပြောကြားခဲ့သည်။

နိုင်ငံရေးပါတီများသည် လူပုဂ္ဂိုလ်ပိုင်းထက် ပါတီများ၏ မူဝါဒပိုင်းကို လူထုယုံကြည်ကာ မဲပေးသည့်ပုံစံမျိုး ဖြစ်လာစေရန် ကြိုးစားရမည့် အချိန်ရောက်ပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)မှ ဒုဥက္ကဋ္ဌ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

နစက ဥက္ကဋ္ဌအား တွေ့ရစဉ်

၎င်းက “အဓိက,ကတော့ တိုင်းပြည်ကြီး ဘယ်လိုဖြစ်သွားတယ်ဆိုတာ အကုန်လုံးပေါ့လေနော်၊ အဓိကကတော့ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးသမားတွေရဲ့ အားနည်းချက်ကြောင့်လို့ပဲ ပြောရမှာပေါ့၊ အဲဒီအတွက်ကြောင့်မို့လို့ အားလုံးမှာလည်း တာဝန်ရှိတယ်ပေါ့လေ၊ ဒီအပေါ်တွေမှာ လူထုအနေနဲ့ နိုင်ငံရေးဘက်ကို ယုံကြည်မှု အားနည်းနေ တာလည်း ဒါတစ်ပိုင်းပေါ့နော်၊ အခုတိုင်းပြည်မှာ နိုင်ငံ‌ရေးဆိုလို့ရှိရင် နိုင်ငံရေးပါတီမှာ နိုင်ငံရေးကဏ္ဍဆိုလို့ရှိရင်က လူထုကလည်း ဘယ်လိုလဲဆိုတော့ ဒါနိုင်ငံရေးသမားတွေရဲ့ အားနည်းချက်ပေါ့လေ၊ ကိုယ့်ပါတီရဲ့ ပေါ်လစီက ဘာ၊ ကိုယ့်ပါတီက ဘယ်လိုမူဝါဒကို ကိုင်စွဲပြီးသွားနေလဲ ဘယ်လိုမူဝါဒတွေ ချမှတ်ထားလဲဆိုတာမျိုးထက် စာလို့ရှိရင် ဘယ်သူ ဦးဆောင်နေတာလဲပဲကြည့်တာ လူထုက သူဆိုရင်တော့ ကောင်းမယ်ထင်တယ်၊ ဟိုလူဆိုရင်တော့ မဟုတ်လောက်ဘူးဆိုတဲ့ ဟာမျိုးဖြစ်နေတာပေါ့နော်၊ ဘယ်လို ပေါ်လစီနဲ့ သွားသလဲ၊ အဲဒီပေါ်လစီကို တကယ်ကို သေသေချာချာ အကောင်အထည် ဖော်ရဲ့လားဆိုတဲ့ဟာမျိုး ကြည့်တာမျိုးထက်စာလို့ရှိရင် လူပုဂ္ဂိုလ်ကို ကြည့်တာ ပဲ များတယ်ပေါ့လေ၊ အဲဒါတွေ ကိုယ်ကလည်း ကျနော်တို့ ပါတီတွေ၊ နိုင်ငံရေးသမားတွေက အကုန်လုံး ဒါကြိုးစား ပြီးတော့မှ မူဝါဒပိုင်းပေါ့နော်၊ လူပုဂ္ဂိုလ်ပိုင်းထက် စာလို့ရှိရင် ပါတီတွေရဲ့ မူဝါဒပိုင်းကို လူထုက ယုံကြည်ပြီးတော့မှ မဲပေးတဲ့ ပုံစံမျိုးဖြစ်လာအောင် ဒါနိုင်ငံရေး ပါတီတွေ၊ အဲနိုင်ငံရေးပါတီတွေက နိုင်ငံ‌ရေးသမားတွေက တကယ့်ကို စွမ်းစွမ်းတမံ ကြိုးစားရမယ့် အချိန်ရောက်ပြီလို့ ကျနော်ကတော့ ယုံကြည်ပါတယ်” ဟု ပြောသည်။

နစကဥက္ကဋ္ဌက မိမိတို့အနေဖြင့် အထွေထွေရွေးကောက်ပွဲ ကျင်းပပေးပြီး ပေါ်ပေါက်လာသည့် လွှတ်တော်များ အတွင်းတွင်လည်း တိုင်းရင်းသားများနှင့် လူထုလူတန်းစား အလွှာများကို ကိုယ်စားပြုသူများ ကျယ်ပြန့်စွာ ပါဝင် လာရေးအတွက် ဆောင်ရွက်သွားမည်ဟု ပြောကြားထားသည်။

နိုင်ငံရေးပါတီများအနေဖြင့် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်သွားရမည်ဖြစ်ပြီး မဲဆွယ်စည်းရုံး မှုများ ဆောင်ရွက်နိုင်ရေးအတွက် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းမှုရှိရန် လိုအပ်မည်ဟု ၎င်းက ပြောသည်။
နိုင်ငံရေးပါတီများ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်သွားရမည်ဆိုသည်မှာ မည်သည့် ကိစ္စရပ်များကို ဆိုလိုကြောင်း တိတိကျကျ ပြောကြားသွားခြင်းမရှိပေ။

လက်ရှိတွင် စစ်ရေးပဋိပက္ခများကြားတွင် လူထုအနေဖြင့် မေးခွန်းများစွာရှိနေပြီး အဓိက တည်ငြိမ်အေးချမ်းမှု အား မည်သူများက ဆောင်ရွက်နိုင်သလဲဆိုသည့် အဖြေကို မေ့နေကြောင်း  ရခိုင့်ဦးဆောင်ပါတီ(AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

နစကနှင့် နိုင်ငံရေးပါတီများအား တွေ့ရစဉ်

ဒေါက်တာအေးမောင်က “နိုင်ငံရေးပါတီများသည် လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံသူ၊ နိုင်ငံသားပေါ့ဗျာ၊ နိုင်ငံတော်နဲ့ နိုင်ငံသားများ ကောင်းကျိုးအတွက် ဘာများ ဆောင်ရွက်ပေးနိုင်သလဲဆိုတဲ့ မေးခွန်း လူထုကမေးမှာပေါ့ဗျာ၊ လက်ရှိနိုင်ငံ‌တော်ရဲ့ စီမံကွပ်ကဲ အုပ်ချုပ်နေတဲ့ အစိုးရနဲ့ လက်နက်ကိုင်ဆန့်ကျင် ပုန်ကန်နေတဲ့ သူပုန်များပေါ့ဗျာ၊ လူထုလိုချင်တာက တည်ငြိမ် အေးချမ်းပြီးမှ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော် ဒါလူထုရဲ့ မျှော်မှန်းချက်ပေါ့ဗျာ၊ တည်ငြိမ်အေးချမ်းအောင် တရားဥပဒေ စိုးမိုးအောင် ဒီမိုက‌ရေစီနဲ့ လူ့အခွင့်အရေးကို ပေးနိုင်တဲ့ အဖွဲ့အစည်း အစိုးရတစ်ရပ် ဒါလူထုရဲ့ မျှော်မှန်းချက်လေ၊ အဲဒီဥစ္စာကို ဘယ်သူတွေ အကောင်အထည် ဖော်ပေးနိုင်မှာလဲ၊ အဲဒီ မှာ နိုင်ငံ‌ရေးပါတီများ ဇဝေဇဝါနဲ့ နှစ်ပေါင်းများစွာ ကြာပြီပေါ့ဗျာ၊ ဘာလုပ်ပေးနိုင်မလဲ၊ အဲဒီ နိုင်ငံရေးပါတီများကို ဦးဆောင်တဲ့ နိုင်ငံရေးသမားတွေကို ဘယ်လောက်ထိ စွမ်းဆောင်နိုင်လဲ၊ တစ်ဖက်က နိုင်ငံတော်ကို စီမံအုပ်ချုပ် နေတဲ့ အဖွဲ့အစည်းတွေက‌ရော ဘယ်လောက်ထိ လူထုအတွက် အကျိုး‌ဆောင် ပေးနိုင်သလဲ၊ ဒီမေးခွန်းတွေက သံသရာ လည်ပတ်နေမှာပေါ့၊ အဲဒါကြောင့် ယုံကြည်မှုက လက်ရှိနိုင်ငံရေး အရှိန်ပြင်းနေတဲ့ စစ်ရေးပဋိပက္ခကြား မှာ ‌မေးခွန်းတွေ လူထုကြားထဲမှာ အများကြီးဖြစ်တည်နေတာပေါ့၊ အဓိကတည်ငြိမ်အေးချမ်းမှုကို ဘယ်သူတွေ ဆောင်ရွက်နိုင်သလဲဆိုတဲ့အ‌ဖြေ အဲဒီအဖြေက မေ့နေတာပေါ့၊ အဲဒါပဲ လက်ရှိအနေအထားမှာလေ” ဟု ပြောသည်။

လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအကျပ်အတည်းအား ဖြေရှင်းရန်အတွက် နည်းလမ်းများစွာ ရှိသော်လည်း  ရွေးကောက်ပွဲနည်းလမ်းကသာ အထိအခိုက်အနည်းဆုံး နည်းလမ်းဖြစ်ကြောင်း၊ နစကအနေဖြင့် ၂၀၂၅ တွင် ရွေးကောက်ပွဲ သေချာပေါက် ကျင်းပနိုင်မည်ဖြစ်ကြောင်း နိုင်ငံရေးပါတီများက သုံးသပ်ကြသည်။

ပြည်သူလူထုသည် နိုင်ငံရေးပါတီများအပေါ် ယုံကြည်မှုအားနည်းလာပြီး လက်နက်ကိုင် တော်လှန်ရေးဘက်ကို ပိုမိုစိတ်အား ထက်သန်ကာ ဖော်ဆောင်လျက်ရှိသည်။

နိုင်ငံရေးပါတီများသည် လူထုအကျိုးစီးပွားနှင့် ပါတီအကျိုးစီးပွား ယှဉ်ပြိုင်သည့်အခါ ပါတီအကျိုးစီးပွားကို ကာကွယ်နေကြခြင်းကြောင့်လည်း ပြည်သူလူထုက နိုင်ငံရေးပါတီများအပေါ် ယုံကြည်မှုကင်းမဲ့လာပြီး လူပုဂ္ဂိုလ် တစ်ဦးချင်းကိုသာ ‌ရွေးချယ်၍ ယုံကြည်နေကြသည်။