CNI Sport News

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၄

စပါးအသင်းခေါင်းဆောင် ဆွန်ဟောင်မင်ဟာ ၁၀ နှစ်ကြာ ကစားခဲ့တဲ့ အသင်းကစားသမားဘဝ နောက်ဆုံး နှုတ်ဆက်မှုဟာ ပြီးပြည့်စုံတဲ့ အခိုက်အတန့်လို့ ပြောခဲ့ပါတယ်။ 

ဆွန်ဟောင်မင်က “ဒါဟာ ပြီးပြည့်စုံတဲ့ အခိုက်အတန့်ဖြစ်ပြီး ဒီလိုလှပတဲ့ အခိုက်အတန့်တွေကို မျှဝေခွင့်ရခဲ့တဲ့ အပေါ် ကျနော်ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ပါဘူး။ ပရိသတ်တွေ၊ ကစားသမားတွေနဲ့ အသင်းအကြီးအကဲတွေ ဟာ ကျနော့်ရဲ့ အခြေအနေကို နားလည်ပြီး ကျနော့်ဘက်မှာ အမြဲတမ်းရှိပါတယ်။ စပါးအသင်း အကောင်းဆုံးဖြစ်ဖို့ ကျနော် ဆန္ဒပြုပါတယ်။ ၁၀ နှစ်တာ ကာလဟာ အလွန်မြန်ဆန်ခဲ့ပြီး စပါးအသင်းဟာ ကျနော့်ရဲ့ နှလုံးသားထဲမှာ အမြဲရှိနေမှာပါ”လို့ စပါးအသင်းနဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။ 

ဆွန်ဟောင်မင်ဟာ သူ့ရဲ့ဇာတိ တောင်ကိုရီးယားနိုင်ငံမှာ ကစားခဲ့တဲ့ နယူးကာဆယ်အသင်းနဲ့ ၁ ဂိုးစီ သရေကျ ခဲ့တဲ့ပွဲစဉ်မှာ စပါးအသင်း ကစားသမားဘဝ နောက်ဆုံးပွဲစဉ်အဖြစ် ပါဝင်ကစားခဲ့တာ ဖြစ်ပါတယ်။ 

ဆွန်ဟောင်မင်ဟာ ဒီပွဲစဉ်မှာ လူစားလဲခံရချိန် နှစ်သင်းစလုံး ကစားသမားတွေဟာ သူ့ကို guard of honour နဲ့ ဂုဏ်ပြုနှုတ်ဆက်ခဲ့ကြတာပါ။ 

ဆွန်ဟောင်မင်ကို တွေ့ရစဉ်

ဒါအပြင် ပရိသတ်တွေက ပွဲကြည့်စင်ပေါ်မှာ မတ်တပ်ရပ်ပြီး လက်ခုပ်တီး ဂုဏ်ပြုမှုတွေ ပြုလုပ်ခဲ့ပြီး ဆွန်ဟောင်မင်ဟာ ငိုကြွေးနေခဲ့တာဖြစ်ပါတယ်။ 

၂၀၁၅ ခုနှစ်က လေဗာကူဆင်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ အသက် ၃၃ နှစ်အရွယ်ရှိ ဆွန်ဟောင်မင်ဟာ စပါးအသင်းအတွက် ၄၅၄ ပွဲ ပါဝင်ကစားခဲ့ပြီး ၁၇၃ ဂိုးသွင်းယူကာ ယူရိုပါလိဂ်ဆုဖလား ရယူနိုင်ခဲ့တာပါ။ 

ဆွန်ဟောင်မင်ဟာ စပါးအသင်းကို နှစ်ပေါင်းများစွာကြာ ဝေးကွာနေတဲ့ ဆုဖလားရရှိအောင် ဦးဆောင်နိုင်ခဲ့ ပြီးနောက် အသင်းရဲ့ဂန္ထဝင် တစ်ဦးအဖြစ် အသိအမှတ်ပြုခြင်းကို ခံခဲ့ရပါတယ်။ 

စပါးအသင်းကနေ ထွက်ခွာမယ့် ဆွန်ဟောင်မင်ဟာ မေဂျာလိဂ်ကလပ် LAFC အသင်းထံ ပြောင်းရွှေ့မှာ ဖြစ်ပါတယ်။ 

Source: ESPN