CNI International News

ဝါရှင်တန်၊ ဩဂုတ် ၄

SpaceX ကုမ္ပဏီသည် ဩဂုတ် ၂ ရက်က အာကာသယာဉ်မှူး ၄ ဦးကို နိုင်ငံတကာ အာကာသစခန်းသို့ ၁၅ နာရီ အတွင်း လျှင်မြန်စွာ ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။

အမေရိကန်၊ ရုရှားနှင့် ဂျပန် အာကာသယာဉ်မှူးများသည် အမေရိကန်အမျိုးသားလေကြောင်းနှင့် အာကာသ အုပ်ချုပ်ရေးအဖွဲ့ (နာဆာ) ၏ ကနေဒီအာကာသစင်တာ (Kennedy Space Center) မှ SpaceX အာကာသ ယာဉ်ဖြင့် ထွက်ခွာခဲ့ခြင်းဖြစ်သည်။

ထိုအာကာသ ယာဉ်မှူးများသည် အာကာသစခန်းတွင် ၆ လကြာ နေထိုင်မည်ဖြစ်ပြီး မတ်လက ပို့ဆောင်ခဲ့သည့် အာကာသစခန်းမှ အာကာသယာဉ်မှူးများနှင့် တာဝန်ချင်း လဲလှယ်မည်ဖြစ်သည်။

ထို့ကြောင့် အာကာသစခန်းတွင် မတ်လကတည်းက ရှိနေသည့် အာကာသယာဉ်မှူး ၄ ဦးသည် ဩဂုတ် ၆ ရက် တွင် SpaceX အာကာသယာဉ်ဖြင့် ကမ္ဘာပေါ်သို့ ပြန်လည် ဆင်းသက်လာမည်ဖြစ်သည်။

ဩဂုတ် ၂ ရက်က ထွက်ခွာသွားခဲ့သည့် အာကာသယာဉ်မှူးများတွင် နာဆာ၏ အာကာသယာဉ်မှူး ၂ ဦးဖြစ်သည့် ဇီနာ ကာ့ဒ်မန် (Zena Cardman) နှင့် မိုက်ဖင့်ခ် (Mike Fincke) ၊ ဂျပန်အာကာသယာဉ်မှူး ကီမီယာ ယူအီ (Kimiya Yui) နှင့် ရုရှားအာကာသယာဉ်မှူး အိုလက် ပလာတိုနော့ဗ် (Oleg Platonov) တို့ ဖြစ်သည်။

 အာကာသယာဉ်မှူး ၁၁ ဦးကို တွေ့ရစဉ်

၎င်းတို့ လိုက်ပါသွားသည့် အာကာသယာဉ်သည် တောင်ပစိဖိတ် သမုဒ္ဒရာပေးတွင် အာကာသစခန်းနှင့် ချိတ်ဆက်ခဲ့ခြင်းဖြစ်သည်။

၎င်းတို့ ၄ ဦး ရောက်ရှိသွားချိန်တွင် အာကာသစခန်းအတွင်း အာကာသယာဉ်မှူး ၁၁ ဦးအထိ ရှိလာခဲ့ပြီဖြစ်သည်။

“အာကာသစခန်းကနေ မြင်တွေ့ရတဲ့ ရှုခင်းတွေက မယုံနိုင်လောက်အောင် လှပါပါတယ်”ဟု ကာ့ဒ်မန်က ပြောကြားခဲ့သည်။

၎င်းတို့ လိုက်ပါလာသည့် အာကာသယာဉ်၏ အမြန်နှုန်းသည် အမေရိကန်၏ စံချိန်စံညွှန်းဖြင့် ပျံသန်းခဲ့ခြင်းဖြစ်ပြီး ကမ္ဘာမှ အာကာသစခန်းသို့ ရောက်ရှိသည့် အမြန်ဆုံး စံချိန်တင်သွားခဲ့သည်။

Source: အေပီ