CNI Sport News

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၄ 

ယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က အဲဗာတန်အသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ် Summer Series ပြိုင်ပွဲအပြီးမှာ သူ့ရဲ့ပျင်းရိနေတဲ့ ယူနိုက်တက်အသင်းဖော်တွေကို ဝေဖန်မှုပြုလုပ်ခဲ့ပါတယ်။ 

ဘရူနိုဖာနန်ဒက်စ်က “ကျနော်တို့ ဒီလိုပုံစံမျိုးနဲ့ အဆုံးမသတ်ချင်ပါဘူး။ ဒီပွဲမှာ ကျနော်တို့ရဲ့ စွမ်းဆောင်ရည်ဟာ အကောင်းဆုံး မဟုတ်ခဲ့ပါဘူး။ ကျနော်တို့ဟာ အနည်းငယ် ပျင်းရိနေပြီး ဒါကို ရှောင်ရမှာပါ။ ကလပ်ရဲ့ အခြေအနေ ဟာ တိုးတက်နေပေမယ့် ကျနော်တို့ဟာ ကလပ်အသင်းလိုအပ်တဲ့ အနေအထားမျိုး မရောက်ရှိသေးပါဘူး။ အမေရိကန်ခရီးစဉ်ဟာ အပြုသဘောဆောင်ခဲ့ပြီး ကစားသမားတွေနဲ့အတူ ရင်းနှီးမှုတွေ ဖန်တီးရတာ ကောင်းမွန် တယ်”လို့ Sky Sports နဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။ 

ယူနိုက်တက်အသင်းဟာ အဲဗာတန်အသင်းနဲ့ သရေကျခဲ့ပြီးနောက် ပရီးမီးယားလိဂ် Summer Series ပြိုင်ပွဲမှာ ၃ ပွဲ ကစားပြီး ၂ ပွဲနိုင်၊ ၁ ပွဲသရေနဲ့ ချန်ပီယံဆုဖလား ရရှိခဲ့ပါတယ်။ 

ဒီပွဲမှာ ယူနိုက်တက်အသင်းအတွက် အဖွင့်ဂိုး သွင်းယူနိုင်ခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်က ရာသီသစ်မစတင်မီ အသင်းပြောင်းလဲရမယ့် အခြေအနေတွေကို ပြောခဲ့တာပါ။ 

ဘရူနိုဖာနန်ဒက်စ်ကို‌ တွေ့ရစဉ်

ယူနိုက်တက်အသင်းနည်းပြ အာမိုရင်ကလည်း ဘရူနိုဖာနန်ဒက်စ်ရဲ့ အသင်းအပေါ် ဝေဖန်မှုကို ထောက်ခံခဲ့ပါ တယ်။ 

အာမိုရင်က “ဒီခရီးစဉ်ရဲ့ အရှိန်အဟုန်က ပြီးပြည့်စုံတယ်လို့ ထင်ပါတယ်။ ကျနော်တို့ဟာ အများကြီး ပိုကောင်း အောင်လုပ်ဖို့ လိုတယ်ဆိုတဲ့ ခံစားချက်နဲ့ သွားနေပါတယ်။ ကျနော်တို့ဟာ အသင်းတစ်သင်းအနေနဲ့ တိုးတက်ဖို့ လိုပါတယ်။ တိုးတက်ဖို့ အလားအလာရှိသလို ဒီကလပ်အတွက် ကျနော်အလွန်ပျော်ရွှင်တယ်”လို့ ပြောခဲ့ပါတယ်။ 

ယူနိုက်တက်အသင်းဟာ အဲဗာတန်အသင်းနဲ့ပွဲစဉ်မှာ ဘရန်ဖို့ဒ်အသင်းကနေ ခေါ်ယူခဲ့တဲ့ အမ်ဘူမိုကို ပထမဆုံး အကြိမ် အသုံးပြုသွားခဲ့ပါတယ်။ 

ယူနိုက်တက်အသင်းဟာ ရာသီသစ် ပရီးမီးယားလိဂ် ပွဲစဉ်မတိုင်မီ နောက်ဆုံး ခြေစမ်းပွဲအဖြစ် သြဂုတ် ၉ ရက်မှာ ဖီအိုရင်တီးနားအသင်းနဲ့ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ 

Source: Metro