CNI Sport News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၄
အာဆင်နယ်အသင်းကနေ စာချုပ်ကုန်ဆုံးလို့ ထွက်ခွာခဲ့တဲ့ ကွင်းလယ်လူ ပါတေးဟာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ စပိန်လာလီဂါကလပ် ဗီလာရီးရယ်လ်အသင်းထံ ပြောင်းရွှေ့မှာဖြစ်ပါတယ်။
ပါတေးဟာ ဗီလာရီးရယ်လ်အသင်းထံ ပြောင်းရွှေ့ဖို့အတွက် ဆေးစစ်မှုခံယူပြီးပြီဖြစ်ပြီး ၂ နှစ် စာချုပ်ချုပ်ဆိုမယ် လို့ The Athletic က ဖော်ပြထားပါတယ်။
ဂါနာကွင်းလယ်လူ ပါတေးဟာ အာဆင်နယ်အသင်းကနေ ထွက်ခွာပြီးနောက် မကြာမီမှာ မုဒိမ်းမှု ၅ ကြိမ်၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှု ၁ ကြိမ်တို့နဲ့ စွဲချက်တင်ခြင်း ခံထားရတာပါ။
ပါတေးဟာ ၂၀၂၁ ကနေ ၂၀၂၂ ခုနှစ်အတွင်းမှာ အမျိုးသမီး ၃ ဦးကို ဒီလိုမျိုး ပြုကျင့်ခဲ့တာလို့ စွပ်စွဲခြင်းခံထားရတာ ဖြစ်ပါတယ်။
ပါတေးကတော့ ဒီစွဲချက်တွေကို ငြင်းဆန်ထားပေမယ့် သူ့အပေါ်စွဲဆိုထားတဲ့ စွဲချက်တွေနဲ့ ပတ်သက်ပြီး သြဂုတ် ၅ ရက်ကျရင် တရားရုံးမှာ ဖြေရှင်းရဖို့ ရှိနေတာပါ။
ပါတေးကို တွေ့ရစဉ်
ပါတေးဟာ ဒီဖြစ်ရပ်တွေ ရှိနေပေမယ့် ဗီလာရီးရယ်လ်အသင်းထံ ပြောင်းရွှေ့ပြီး စပိန်လာလီဂါထံ ပြန်သွားဖို့ လုပ်ဆောင် နေတာပါ။
ဗီလာရီးရယ်လ် အသင်းဟာ ပြီးခဲ့တဲ့ရာသီက လာလီဂါပြိုင်ပွဲမှာ အဆင့် ၅ နေရာနဲ့ ရာသီအဆုံးသတ်ခဲ့လို့ ရာသီသစ်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
၂၀၂၀ ခုနှစ်က အသလက်တီကိုအသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ ပါတေးဟာ အာဆင်နယ်အသင်းမှာ ၅ ရာသီ ကြာ ပြိုင်ပွဲစုံ ၁၆၇ ပွဲ ပါဝင်ကစားခဲ့ပြီး ၉ ဂိုးသွင်းယူကာ ကွန်မြူနတီဒိုင်း ၁ ကြိမ်သာရယူနိုင်ခဲ့တာပါ။
ပါတေးဟာ အာဆင်နယ်အသင်းအတွက် ပါဝင်ကစားနေချိန်ကတည်းက မုဒိမ်းမှု စွဲချက်တွေအတွက် စုံစမ်း စစ်ဆေးခံနေရတာဖြစ်ပြီး အာမခံနဲ့ ပွဲပေါင်း ၅၀ ကျော် ပါဝင်ကစားခဲ့တယ်လို့ ဒေးလီးမေးလ်သတင်းမှာ ဖော်ပြထားပါတယ်။
အာဆင်နယ်အသင်းနဲ့ ပါတေး ပြောင်းရွှေ့မယ့် ဗီလာရီးရယ်လ်အသင်းတို့ဟာ သြဂုတ် ၆ ရက်မှာ ရာသီကြို ခြေစမ်းပွဲ ကစားဖို့ရှိနေတာ ဖြစ်ပါတယ်။
Source: Goal