CNI News

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀

နစကသည် ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ပြောထားသည့်တိုင် ရွေးကောက်ပွဲ မလုပ်နိုင်ခဲ့ပါက ဆက်လက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာဆက်ထိန်းထားပြီး ရသလား မရဘူးလားဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များကြား အငြင်းပွားလျက်ရှိနေသည်။

နစကဥက္ကဋ္ဌ အနေဖြင့် ရွေးကောက်ပွဲ မြန်မြန်မပြုလုပ်နိုင်ဘဲ ယခုအတိုင်း ဆက်သွားနေမည်ဆိုပါက အာဏာထိန်း သည့်သဘော မသက်ဝင်တော့ကြောင်း၊ ယခု ၂၀၂၅ ခုနှစ်တွင်း ရွေးကောက်ပွဲ ကျင်းပမည့်အကြောင်း ကတိကဝတ် ပြု ပြောဆိုထားသည့် အလျောက် လက်ရှိ မြန်မာ့နိုင်ငံရေးတွင် ရွေးကောက်ပွဲသည် မပါမဖြစ် အခင်းအကျင်း ဖြစ်ကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာ က CNIသတင်းဌာနသို့ ပြောသည်။

ဗိုလ်မှူးကြီးခွန်ဥက္ကာက “လက်ရှိအရ အာဏာသိမ်းတယ်ပဲပြောပြော ထိန်းတယ်ပဲပြောပြော ၂၀၀၈ ဖွဲ့စည်းပုံ အညီပဲ ပြောပြော ရွေးကောက်ပွဲက မပါမဖြစ်တဲ့ အခင်းအကျင်းဖြစ်တာကို။ ရွေးကောက်ပွဲမှ မြန်မြန်မလုပ်နိုင်ဘူး ဆိုရင် ဒီလိုပဲ စစ်ပုံစံနဲ့ပဲ ဆက်သွားနေမယ်ဆိုရင်တော့ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ညီတယ်လို့လည်း ပြောလို့မရတော့ဘူး။ အာဏာထိန်းတဲ့ သဘောမျိုးလည်း မသက်ဝင်တော့ဘူးပေါ့။ ဘာလို့ဆို အာဏာထိန်းတယ်ဆိုတာက နှစ်မကြာ ဘူး။ ရွေးကောက်ပွဲတစ်ရပ်ကို ပြန်ပြီးလုပ်ပေးရတဲ့ သဘောရှိတာကို။ အဲဒါကြောင့် ရွေးကောက်ပွဲကတော့ အဖြေ မဟုတ်ပေမယ့်လည်း အဖြေရဖို့အတွက် လမ်းစ ဖြစ်သွားနိုင်တယ်လို့တော့ မြင်ပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများကို တွေ့ရစဉ်

နစကဥက္ကဋ္ဌသည် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ စတင်ကာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် စိန်ခေါ်မှုများ ရှိနေသးသည့်အပြင် တည်ငြိမ်အေးချမ်းမှု လိုအပ်နေသေး၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ၆ လ သက်တမ်း ထပ်မံတိုးမြှင့်ထားခြင်းဖြစ်သည်။

၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပပေးမည်ဟုသာ ပြောဆိုထားပြီး မည်သည့်လတွင် ကျင်းပမည်ဟု အတိအကျ ထုတ်ဖော်ပြောဆိုထားခြင်း မရှိသေးသည်ကို တွေ့ရသည်။

ထို့ကြောင့် နစကအနေဖြင့် ရွေးကောက်ပွဲ သေချာပေါက် ကျင်းပပေးမည့် အနေအထားရှိရဲ့လားဟု စစ်ရေးနှင့် နိုင်ငံရေး အကဲခတ်များအကြား မေးခွန်းထုတ် သုံးသပ်မှုများ ရှိနေကြသည်။

တခြားတစ်ဖက်မှာလည်း မြန်မာ့တပ်မတော်နှင့် နစကကို ဖြုတ်ချရေး လက်နက်ကိုင် အင်အားစုများက ကြိုးပမ်း နေသလို နစကကျင်းပမည့် ရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက်မည်ဟု ထုတ်ပြန် ကြေညာထားသည်။

ရွေးကောက်ပွဲ ပြုလုပ်ခြင်းသည် မြန်မာ့နိုင်ငံရေးအတွက် ထွက်ပေါက်တစ်ခု၊ နည်းလမ်းတစ်ခု ဖြစ်သော်လည်း နစကအနေဖြင့် ရွေးကောက်ပွဲ မကျင်းပဘဲ သက်တမ်း ဆက်တိုးကာ ယခုအတိုင်း ဆက်လက်အုပ်ချုပ်သွား နိုင်သည့် အနေအထားဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)မှ အထွေထွေ အတွင်းရေး မှူး ဦးစိုင်းလိတ်က CNIသတင်းဌာနသို့ ပြောသည်။

နိုင်ငံရေးပါတီအချို့မှ တာဝန်ရှိသူများအား တွေ့ရစဉ်

ဦးစိုင်းလိတ်က “အဲဒီလို ပုဒ်မမျိုး အတိအကျ မရှိတောင်မှဘဲ သူ့ဘာသာသူ လိုရင်လိုသလို ဆွဲဆန့်တဲ့ အနေအထား တစ်ခုကို ဖန်တီးခဲ့တဲ့ သာဓကတွေ ရှိခဲ့ပြီးပြီလေ။ အဲဒီတော့ ဆက်ပြီးချုံ့တာတို့ ချဲ့တာတို့ လုပ်ဖို့ သူ့အတွက် ဝန်လေးစရာ မရှိဘူး။ သူတို့ဘက်ကလည်းပဲ လုပ်မယ်ဆို လုပ်နိုင်လို့ရတဲ့ အနေအထားရှိပါတယ်။ သက်တမ်းတိုး ရင်တိုး၊ မတိုးဘဲနဲ့ နောက်တစ်နည်းပေါ့ ကာ/လုံကို လွှဲအပ်လိုက်တယ် ရွေးကောက်ပွဲလုပ်ဖို့ ၆ လလောက် အချိန် ယူမယ်။ ဒါပေမယ့် ‌ရွေးကောက်ပွဲကို ကပ်ဖြတ်ရက်ဖြတ် လုပ်ကြရတယ်။ မဖြစ်ဘူးဟေ့လို့ အကြောင်းပြပြီး နောက်ထပ် တစ်ခါ ထပ်ပြီးတော့ အာဏာထပ်လွှဲဆိုတာမျိုးက သံသရာလည်သွားတဲ့အထိကို သူတို့အနေနဲ့ လုပ်ချင်ရင် လုပ်နိုင်တဲ့ အနေအထားမျိုး။ သို့သော်လည်း အခြားတစ်ဖက်မှာတော့  လုပ်ခွင့် ပေး/မပေး၊ လုပ်ခွင့် သာ၊ မသာကတော့ နောက်တစ်ပိုင်းပေါ့။ သူတို့အနေ သူတို့အတွက် ပေးထားချက်အရတော့ လုပ်ကိုလုပ်နိုင်တဲ့ အနေအထားလို့ မြင်ပါတယ်” ဟု  ပြောသည်။

နစကဥက္ကဋ္ဌသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုကို NLD အစိုးရက မဖြေရှင်းဘဲ အစိုးရ ဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ တပ်မတော်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် နိုင်ငံတော်ကို အရေးပေါ် အခြေအနေ ကြေညာခဲ့သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစတင်ကာ ၆ လစီ သက်တမ်းတိုးခဲ့ရာမှာ ၂၀၂၅ ခုနှစ်  ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ၄ နှစ်ပြည့်ခဲ့ပြီဖြစ်သည်။

နစကသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၅ အရ သာမန်မဟုတ်သော အခြေအနေဟုဆိုကာ လိုအပ်သ လောက် သက်တမ်းတိုးပိုင်ခွင့်ရှိသလို ပုဒ်မ ၄၂၇ အရလည်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီကို အပ်နှံ၍ နိုင်ငံတော်သမ္မတအသစ် ရွေးချယ်တင်မြှောက်ခြင်း မရှိသရွေ့ အုပ်ချုပ်ခွင့်ရှိကြောင်း ပြဋ္ဌာန်းထားသည်။