CNI International News
ဝါရှင်တန်၊ ဩဂုတ် ၅
အမေရိကန်က တရုတ်ကို ဆင်နွှဲခဲ့သည့် ကုန်သွယ်ရေးစစ်ပွဲကြောင့် အမေရိကန်၏ မြေရှားသတ္တု စျေးကွက်ကို သိသာစွာ ပြောင်းလဲစေခဲ့သည်ဟု USA Rare Earth(အမေရိကန်မြေရှားသတ္တု)ကုမ္ပဏီစီအီးအို ဂျိုရွှာ ဘောလက် (Joshua Ballard) က ပြောကြားခဲ့သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။
USA Rare Earth ကုမ္ပဏီကို ၂၀၁၉ ခုနှစ်က စတင်ထူထောင်ခဲ့ခြင်းဖြစ်ပြီး ထိုကုမ္ပဏီသည် အမေရိကန်၏ မြေရှားသတ္တု ထောက်ပံ့ရေး ကွန်ရက်ကို ပြန်လည် အသက်သွင်းရန် ရည်မှန်းထားသည်။
ဘောလက်သည် ပြီးခဲ့သည့် လများအတွင်း ကုမ္ပဏီအတွက် ရင်းနှီး မတည်ငွေများ ပိုမိုရရှိရန် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။
သို့သော် လက်ရှိတွင် အမေရိကန်သည် မြေရှားသတ္တုများ ဝယ်ယူမှုအတွက် တရုတ်အပေါ် မှီခိုမှုကို လျှော့ချ လာသဖြင့် ၎င်း၏ USA Rare Earth ကုမ္ပဏီသည် ရင်းနှီးမြှုပ်နှံငွေများ အများအပြား ရရှိလာခဲ့သည်။
တရုတ်သည် မြေရှားသတ္တု ထောက်ပံ့ရေး စျေးကွက်ကို ဆယ်စုနှစ်များစွာကြာ လွှမ်းမိုးထားသည်။
မြေရှားသတ္တု တူးဖော်နေကြသည်ကို တွေ့ရစဉ်
တရုတ်ကုမ္ပဏီများသည်လည်း မြေရှားသတ္တုများ တူးဖော်မှုကို ကုန်ကျစရိတ် သက်သာစွာဖြင့် ပမာဏ အများအပြား ထုတ်လုပ်နိုင်သဖြင့် စျေးကွက်အတွင်း ပြိုင်ဘက်ကင်းခဲ့သည်။
သို့သော် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ဒုတိယအကြိမ် အာဏာပြန်ရလာချိန်တွင် တရုတ်အပေါ် ကုန်သွယ်ရေးစစ်ပွဲ ဆင်နွှဲခဲ့သည်။
ထို့ကြောင့် တရုတ်ကလည်း အမေရိကန်ကို မြေရှားသတ္တုများ တင်ပို့ရောင်းချမှုကို ကန့်သတ်ခဲ့သဖြင့် အမေရိကန် ကုမ္ပဏီများသည် နည်းပညာမြင့် ထုတ်ကုန်များ ထုတ်လုပ်မှုတွင် နှောင့်နှေးကြန့်ကြာခဲ့သည်။
ထိုအချိန်တွင် ရင်းနှီးမြှုပ်နှံမှု အခြေအနေသည် အလုံးစုံ ပြောင်းလဲသွားခဲ့ပြီး ထိုအခွင့်အရေးကို အရယူနိုင်ခဲ့ သည်ဟု ဘောလက်က ပြောကြားခဲ့သည်။
အမေရိကန်နဲ့တရုတ် ကုန်သွယ်ရေးဝန်ကြီးကိုတွေ့ရစဉ်
“ကျနော်တို့ ဘယ်လောက် မြန်မြန်ဆန်ဆန် လုပ်နိုင်မလဲဆိုတာ စောင့်ကြည့်ရပါမယ်။ ကျနော်တို့ ကုမ္ပဏီက မြေရှားသတ္တုစျေးကွက်မှာ အဓိကအခန်းကဏ္ဍမှာ ပါဝင်ချင်နေပါတယ်” ဟု ဘောလက်က ပြောကြားခဲ့သည်။
လက်ရှိတွင် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်ရှိ Mountain Pass တောင်ကြားလမ်း၌ မြေရှားသတ္တု တူးဖော်ရေး သတ္တုမိုင်းတစ်ခုသာ ရှိသေးသည်။
နောက်ထပ် မြေရှားသတ္တု တူးဖော်ရေး သတ္တုမိုင်းများသည် ခွင့်ပြုချက်များ စောင့်ဆိုင်းနေသည့် အဆင့်တွင် ရှိနေပြီး USA Rare Earth ကုမ္ပဏီနှင့် MP Materials ကုမ္ပဏီတို့ အပါအဝင် အခြားသတ္တုမိုင်းကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုများ မြင့်တက်လာခဲ့သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
Source: South China Morning Post