CNI International News
ပြုံယမ်း၊ ဖေဖော်ဝါရီ ၁၀
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်(Kim Jong Un)က နျူကလီးယား တပ်ဖွဲ့အင်အားကို ပိုမိုမြှင့်တင် သွားမည်ဟု ဖေဖော်ဝါရီ ၈ ရက်တွင် ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ထို့ပြင် ကင်မ်က ဒေသတွင်း တင်းမာမှုများကို ပိုမိုမြင့်တက်စေသည့်အတွက် အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယားတို့၏ သုံးပွင့်ဆိုင် စစ်ရေးပူးပေါင်း ဆောင်ရွက်မှုများကိုလည်း ဝေဖန်ခဲ့သည်။
အမေရိကန်၏ နျူကလီးယား မဟာဗျူဟာမြောက် ပစ္စည်းများ ဖြန့်ကြက်ချထားမှု၊ ဂျပန်နှင့် တောင်ကိုရီးယား တို့နှင့်အတူ စစ်ရေးလေ့ကျင့်မှုများနှင့် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများသည် ဒေသတွင်းစစ်ရေး ဟန်ချက်ညီမှုကို ထိခိုက်စေကာ လုံခြုံရေးအတွက် အလွန်ကြီးမားသည့် စိန်ခေါ်မှုကို ဖြစ်ပေါ်စေသည်ဟု ကင်မ်က ပြောကြားခဲ့ကြောင်း KCNA သတင်းတွင် ဖော်ပြထားသည်။
“မြောက်ကိုရီးယားအနေနဲ့ ဒေသတွင်း အခြေအနေတွေမှာ မလိုလားအပ်တဲ့ တင်းမာမှုတွေ မမြင့်တက်စေချင် ပါဘူး။ ဒါပေမဲ့ ဒေသတွင်း စစ်ဘက်ဆိုင်ရာ ဟန်ချက်ညီမှုရှိစေဖို့အတွက် လိုအပ်တဲ့ စီမံချက်တွေကို လုပ်ဆောင်သွားမှာပဲ ဖြစ်ပါတယ်”ဟု ကင်မ်က ပြောကြားခဲ့သည်။
ကင်မ်သည် ဖေဖော်ဝါရီ ၉ ရက်တွင် ကျရောက်သည့် မြောက်ကိုရီးယားစစ်တပ် ထူထောင်သည့်နေ့ကို ဂုဏ်ပြုရန် အတွက် ကာကွယ်ရေးဝန်ကြီးဌာနဆီ သွားရောက်ချိန်၌ ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်(Donald Trump)က ဖေဖော်ဝါရီ ၈ ရက်တွင် ဂျပန်ဝန်ကြီးချုပ် ရှီဂီရူအီရှီဘာ (Shigeru Ishiba) နှင့် အစည်းအဝေး ပြုလုပ်ခဲ့သည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ကို တွေ့ရစဉ်
ထို့နောက် ထရမ့်က သူသည် မြောက်ကိုရီးယားနှင့် ဆက်ဆံရေးများ ပြုလုပ်သွားမည်ဟု ပြောကြားခဲ့သည်။
သို့သော် ကင်မ်ကမူ မြောက်ကိုရီးယား၏ နျူကလီးယား အင်အားစုများကို မြှင့်တင်သွားမည့် မူဝါဒကိုမူ ပြောင်းလဲ သွားမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။
မြောက်ကိုရီးယား စစ်တပ်နှင့် ပြည်သူများသည် မြောက်ကိုရီးယားနှင့် ရုရှားနိုင်ငံကြား ပြီးပြည့်စုံသော မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအရ ရုရှားစစ်တပ်နှင့် ရုရှားပြည်သူ များ၏ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုတို့နှင့်ပတ်သက်ပြီး ခုခံကာကွယ်မှုများကို အားပေးကူညီသွားမည်ဟု ကင်မ်က ပြောကြားခဲ့သည်။
မြောက်ကိုရီးယားသည် ရုရှားသို့ စစ်သားအင်အား အများအပြား စေလွှတ်ရန် ပြင်ဆင်နေသည်ဟု သံသယရှိ ကြောင်း တောင်ကိုရီးယားက လွန်ခဲ့သည့်လတွင် ပြောကြားခဲ့သည်။
မြောက်ကိုရီးယားသည် သုံးနှစ်ကြာ ဖြစ်ပွားနေသော ယူကရိန်း-ရုရှား စစ်ပွဲအတွက် စေလွှတ်ထားသော စစ်သား ၁၁,၀၀၀ အပြင် နောက်ထပ် စစ်သားများကို စေလွှတ်သွားရန် ပြင်ဆင်နေသည်ဟု တောင်ကိုရီးယားက ယူဆထား သည်။
Source: ရိုက်တာ