CNI International News

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၀

တောင်အာဖရိကတွင် နေထိုင်သည့် လူဖြူလူနည်းစုများသည် ဖိနှိပ်ခံနေရသဖြင့် ထိုလူဖြူများကို ဒုက္ခသည်များ အဖြစ် အမေရိကန်သို့ ရွှေ့ပြောင်းနေရာချထားပေးမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ပြောကြားခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။

သို့သော် အနောက်အာဖရိကတွင် နေထိုင်သည့် လူဖြူများကို ကိုယ်စားပြုသည် အဖွဲ့များကမူ ထရမ့်၏ အစီအစဉ်ကို ကျေးဇူးတင်ကြောင်း၊ သို့သော် ထိုသို့ လုပ်ဆောင်ရန် မလိုအပ်ကြောင်း ပြောကြားခဲ့ကြသည်။

ဖေဖော်ဝါရီ ၇ ရက်က ထရမ့် လက်မှတ်ရေးထိုးခဲ့သည့် သမ္မတအုပ်ချုပ်ရေးအမိန့်ထဲတွင် ထိုအစီအစဉ် အကြောင်း ကို အသေးစိတ် ဖော်ပြထားပြီး တောင်အာဖရိက၌ လူဖြူများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများရှိနေသဖြင့် တောင်အာဖရိကကို အပြစ်ပေးသည့် အနေဖြင့် အမေရိကန်၏ ကူညီထောက်ပံ့မှုများ အားလုံးကို ရပ်တန့်လိုက် ကြောင်း ဖော်ပြခဲ့သည်။

တောင်အာဖရိကအစိုးရသည် လူဖြူအာဖရိကန် လယ်သမားများကို အကြမ်းဖက် တိုက်ခိုက်ခွင့်ပြုထားကြောင်း ထရမ့်အစိုးရအဖွဲ့က စွပ်စွဲခဲ့ပြီး တောင်အာဖရိကအစိုးရကမူ ထိုစွပ်စွဲချက်ကို ငြင်းဆိုခဲ့သည်။

တောင်အာဖရိကန် လူဖြူများ၏ အများစုသည် ဒတ်ချ်လူမျိုးများမှ ဆင်းသက်လာသူများဖြစ်ပြီး လွန်ခဲ့သည့် နှစ်ပေါင်း ၃၀၀ ကျော်က တောင်အာဖရိကကို ပထမဆုံးရောက်ရှိခဲ့သော ပြင်သစ်နှင့် ဂျာမန် ကိုလိုနီများမှ ဆင်းသက်လာသူများလည်း ပါဝင်သည်။

တောင်အာဖရိကန်လူဖြူများကိုတွေ့ရစဉ်

တောင်အာဖရိက၏ လူဦးရေ ၆၂ သန်းအနက် ၇ ရာခိုင်နှုန်းခန့်သည် လူဖြူ အာဖရိကန်များဖြစ်သည်။

လူဖြူ အာဖရိကန်များကို ကိုယ်စားပြုသည့် အထင်ကရ အဖွဲ့အစည်း ၂ ခုကမူ အမေရိကန်သို့ နေရာရွှေ့ပြောင်း ပေးမည့် ထရမ့်၏ ကမ်းလှမ်းချက်ကို စိတ်ဝင်စားမှုမရှိကြောင်း ပြောကြားခဲ့သည်။

“ကျနော်တို့ အဖွဲ့ဝင်တွေက ဒီမှာပဲ အလုပ်လုပ်ပြီး ဒီမှာပဲနေချင်တာပါ။ သူတို့က ဒီမှာပဲ ဆက်နေကြမှာပါ”ဟု လူဖြူအာဖရိကန် ၂ သန်းခန့်ကို ကိုယ်စားပြုသည့် ကုန်သွယ်ရေးသမဂ္ဂဖြစ်သော Solidarity ၏ အလုပ်အမှုဆောင် ချုပ် ဒရစ် ဟာမန်း (Dirk Hermann) က ပြောကြားခဲ့သည်။

ထို့ပြင် နောက်ထပ် လူဖြူအာဖရိကန် အဖွဲ့အစည်းဖြစ်သည့်  AfriForum ၏ စီအီးအို ကယ်လိုင်း ကရီယယ် (Kallie Kriel) ကလည်း ၎င်းတို့အနေဖြင့် မည်သည့်နေရာကိုမှ ပြောင်းရွှေ့သွားမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

Source: အေပီ