CNI International News

ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၀

တရုတ်ဝန်ကြီးချုပ် လီချင်(Li Qiang)က ယခုနှစ်တွင် ထိုင်းနိုင်ငံသို့ လာရောက်ရန် ထိုင်းအစိုးရ၏ ဖိတ်ကြားချက် ကို သဘောတူလက်ခံခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

တရုတ်နှင့်ထိုင်းနိုင်ငံတို့သည် လျှပ်စစ်မော်တော်ယာဉ်များနှင့် AI နည်းပညာကဲ့သို့ အနာဂတ်စက်မှုလုပ်ငန်းများ တွင် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားကောင်း ခိုင်မာစေရန် ရည်ရွယ်ထားချိန်၌ တရုတ်ဝန်ကြီးချုပ်က ဖိတ်ကြား ချက်ကို လက်ခံခဲ့ခြင်း ဖြစ်သည်။

တရုတ်နှင့် ထိုင်းနိုင်ငံကြား သံတမန်ဆက်ဆံရေး နှစ် ၅၀ ပြည့် အထိမ်းအမှတ်အဖြစ် ထိုင်းဝန်ကြီးချုပ် ပေတုန်တန်(Paetongtarn Shinawatra)က ဖေဖော်ဝါရီ ၈ ရက်တွင်  တရုတ်နိုင်ငံသို့ တရားဝင် ခရီးစဉ် သွားရောက်ခဲ့သည်။

ပေတုန်တန်၏ ခရီးစဉ်တွင် ပြီးပြည့်စုံသော မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ရည်ရွယ်ထားသလို ကဏ္ဍမျိုးစုံ၌ ပူးပေါင်းဆောင်ရွက်မှုအား တိုးချဲ့ရန်နှင့် လာမည့် နှစ်ပေါင်း ၅၀ တွင် အပြန်အလှန် တိုးတက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေအား သတ်မှတ်မှုများကို အာရုံစိုက်ထားသည်။

တရုတ်နိုင်ငံတွင် ပေတုန်တန်သည် သမ္မတ ရှီကျင့်ဖျင် ( Xi Jinping) ၊ ဝန်ကြီးချုပ်လီနှင့် အမျိုးသားပြည်သူ့ လွှတ်တော်၏ အမြဲတမ်းကော်မတီဥက္ကဋ္ဌ ကျောင်းလီကျီ (Zhao Leji) တို့နှင့် တွေ့ဆုံခဲ့သည်။

၎င်းတို့အကြား ဆွေးနွေးခဲ့သည့် အကြောင်းအရာများမှာ များပြားစုံလင်လှပြီး စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမှ အစ နည်းပညာ စွန့်ဦးတီထွင်မှုအလယ် သဘာဝပတ်ဝန်းကျင်နှင့် လုံခြုံရေးကိစ္စရပ်များအဆုံး ကဏ္ဍပေါင်းစုံကို ဆွေးနွေးခဲ့ကြသည်။

ထိုင်းဝန်ကြီးချုပ် ပေတုန်တန်နဲ့ တရုတ်ဝန်ကြီးချုပ် လီချင်ကိုတွေ့ရစဉ်

အဓိက ဆွေးနွေးသည့် အကြောင်းအရာတစ်ခုမှာ ထိုင်းနိုင်ငံတွင် နာခွန်း ရတ်ချာစီမာ (Nakhon Ratchasima) ပြည်နယ်နှင့် Nong Khai (နွန်ခိုင်း) မြို့တို့ကို ဆက်သွယ်မည့် အမြန်ရထားလမ်းစီမံကိန်း၏ ဒုတိယအဆင့်ကို ဆက်လက် ဖော်ဆောင်ရန် ဖြစ်သည်။

၃၅၇ ကီလိုမီတာ ရှည်လျားသည့် ထိုအမြန်ရထားလမ်းသည် လာအိုနှင့် တရုတ်နိုင်ငံများသို့ နယ်စပ်ဖြတ်ကျော် သွားလာမှုများအတွက် ပိုမိုအဆင်ပြေ ချောမွေ့စေမည်ဖြစ်သည်။

ထိုရထားလမ်းစီမံကိန်းသည် ၂၀၃၂ ခုနှစ်တွင် အပြီးသတ်လိမ့်မည်ဟု မျှော်မှန်းထားရပြီး ဒေသတွင်း ကုန်သွယ်ရေး လမ်းကြောင်း တစ်အခုအဖြစ် အလားအလာရှိနေသဖြင့် စီးပွားရေး အကျိုးအမြတ်များစွာ ရရှိမည်ဖြစ်သည်။

ထိုင်းနိုင်ငံသည် တရုတ်၏ နယ်မြေတည်တံ့ခိုင်မြဲမှုကို ထောက်ခံထားပြီး ထိုင်ဝမ်အရေးတွင် တရုတ်တစ်နိုင်ငံ တည်း မူဝါဒကို ထောက်ခံကြောင်း ထိုင်းအစိုးရက ထပ်လောင်း အတည်ပြုခဲ့သည်။

Source: ဘန်ကောက်ပို့စ်