CNI News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၈
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းနှင့် ခရီးသွားလာနေသော ပြည်သူများကို အတင်းအဓမ္မ တပ်သားသစ် စုဆောင်းခြင်း လုံးဝ(လုံးဝ) မပြုရန် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင်(NSCN-K/AM)က ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်စာကို လဟယ်မြို့ရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌနှင့် ခန္တီးခရိုင်အုပ်ချုပ်ရေးမှူးတို့ ကို လိပ်မူ၍ NSCN-K/AM အဖွဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီဥက္ကဋ္ဌက လက်မှတ်ထိုး ပေးပို့ခဲ့ခြင်း ဖြစ်သည်။
ထိုစာတွင် အတင်းအဓမ္မတပ်သားသစ် စုဆောင်းခြင်း မပြုရန်အကြောင်းကြားခြင်းဟု ဖော်ပြထားသည်။
NSCN-K/AM အဖွဲ့က “ ကျနော်များ NSCN-K ငြိမ်းချမ်းရေးအဖွဲ့မှ နိုင်ငံတော်တရားဝင် ပြဋ္ဌာန်းထားသော စစ်မှုမ ထမ်းမနေရ ဥပဒေအား ကန့်ကွက်ခြင်းမရှိပါ။ သို့သော် အတင်းအဓမ္မ ဖမ်းဆီးခြင်းကြောင့် ပြည်သူများအား ထိတ် လန့်မှုကိုဖြစ်စေရုံသာမက ရပ်ရွာမတည်မငြိမ်အောင် လုပ်ဆောင်ရာရောက်ပါသဖြင့် အတင်းအဓမ္မ တပ်သားသစ် စုဆောင်းခြင်း လုံးဝ(လုံးဝ)မပြုရန် သတိပေးအကြောင်းကြားအပ်ပါသည်”ဟု ရေးသားထားသည်။
နာဂဒေသတွင် ခန္တီးမြို့နယ်တို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရန် ခေါ်ဆောင်မှုများ ရှိနေကြောင်း ဒေသခံများက ပြောသည်။
အဆိုပါစာကို ခန္တီးစစ်ဗျူဟာမှူး၊ ခန္တီးခရိုင်ရဲတပ်ဖွဲ့မှူး၊ ခန္တီးမြို့နယ်အုပ်ချုပ်ရေးမှူး၊ ခန္တီးမြို့နယ် ရဲတပ်ဖွဲ့မှူးတို့ကိုလည်း ပေးပို့ခဲ့ကြောင်း သိရသည်။
အလားတူ နန်းယွန်းမြို့နယ် ထွေ/အုပ်ဦးစီးဌာန၊ လေရှီးမြို့နယ် ထွေ/အုပ်ဦးစီးဌာန၊ လဟယ်ဒေသရဲတပ်ဖွဲ့မှူးတို့ ကိုလည်း ပေးပို့ကြောင်း တွေ့ရသည်။
NSCN-K/AM အဖွဲ့သည် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/ယုံးအောင်(NSCN-K/YA)အဖွဲ့ကနေ ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂ ရက်က ခွဲထွက်ခဲ့သော နာဂလက်နက်ကိုင်ဖြစ်သည်။
နာဂဒေသတွင် NSCN-K/AM၊ NSCN-K/YA၊ အရှေ့နာဂအမျိုးသားအဖွဲ့အစည်း(ENNO/ENDA)၊ နာဂပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(Naga PDF)၊ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-အိုက်ဇက်ချီရှီစူ/ဗွီးဗာ(NSCN-IM)၊ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ဟာရှီရမ်ဆမ်(NSCN-HS) စသည့် နာဂလက်နက်ကိုင်များ လှုပ်ရှားလျက် ရှိသည်။