CNI News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၈
 
ဖားကန့်မြို့နယ် မလန်း(ပဲမလန်း)ကျေးရွာဘက်မှာ အခြေပြုလှုပ်ရှားနေသည့် KIA နှင့် PDF တို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွါးကြောင်း ဒေသခံများက ပြောသည်။
 
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက်နေ့ ညပိုင်းတွင် ဂေ်ဖီထုပ်(မုန့်လာထုပ်) ပေးရာမှာ နှစ်ဖက် အငြင်းပွါးကာ KIA က စတင်၍ ထိုးကြိတ်ခဲ့ရာမှ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွါးခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
 
ဖားကန့်ဒေသခံတစ်ဦးက “မနေ့က ပဲမလန်းပေါ့။ အရင်က ရွှေမှော်ဟောင်းမှာ KIA နဲ့ PDF အပြန်အလှန် ပစ်ခတ်မှုဖြစ်ကြတာ။ ဂေ်ဖီထုပ် (မုန့်လာထုပ်)အဝေ မတည့်တာကနေ ဖြစ်ကြတာလို့ သိရတယ်။ အဲမှာ KIA က စပြီး ထိုးကြိတ် တော့ ထိန်းမနိုင်ဘဲ နှစ်ဖက် အပြန်အလှန်ပစ်ခတ်ကြတာ”ဟု ပြောသည်။
 
နှစ်ဖက်ထိခိုက်မှုကိုတော့ မသိရကြောင်း ၎င်းက ပြောသည်။
 
မြန်မာ့တပ်မတော်ကို KIA -PDF ပူးပေါင်းတိုက်ခိုက်သည့်တိုင် သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများကို KIA က အားလုံး သိမ်းဆည်းလေ့ရှိ၍ အချင်းချင်းကြား အငြင်းပွါး မှုများ ရှိနေသည်ဟု နီးစပ်သူများက ပြောသည်။
 
KIA-PDF နှင့်နီးစပ်သူတစ်ဦးက “တိုက်ပွဲဖြစ်တဲ့ အခါမှာ စကစ ဘက်ကနေ သိမ်းလို့ရတဲ့ လက်နက်ခဲယမ်းတွေကို KIA အကုန်သိမ်းတယ်။ ပြီးမှာ လိုအပ်သလောက်ကို PDF ကို ပေးတယ်။ လက်နက်ခဲယမ်းကို ထိန်းချုပ်ပြီးမှာ ဝေတာ။ အဲတော့ PDF တွေကလည်း ဘယ်လို လုပ်လာရလဲဆိုတော့ သူတို့တိုက်လို့ရတဲ့ လက်နက်ခဲယမ်းကို အရင်ဆုံး သူတို့သိမ်းပြီးတော့ KIA မသိအောင် သိမ်းထားရတာတွေ လုပ်လာရတယ်။ KIA ကလည်း တချိန်ကျရင် PDF ကိစ္စကို ရှင်းရမှာဆိုတော့ သူက အခုကတည်းက ထိန်းချုပ်ထားနိုင်မှာရမှာပေါ့”ဟု ပြောသည်။
 
အထက်ပါ ဖြစ်စဉ်များနှင့်ပတ်သက်ပြီး KIA ဘက်ကို ဆက်သွယ် မေးမြန်းသော်လည်း အဆက်အသွယ် မရသေးဘဲ ဖြစ်နေသည်။
 
KIA နှင့် PDF တို့သည် ပူးပေါင်း၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး စသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များအတွင်းရှိ မြန်မာ့တပ်မတော်ကို တိုက်ခိုက်လျက်ရှိကြသည်။
 
လက်ရှိတွင် ကချင်ပြည်နယ်အတွင်းက ဗန်းမော်မြို့ အပါအဝင် စစ်ကိုင်းဒေသကြီးအတွင်းက အင်းတော်မြို့၊ ဗန်းမောက်မြို့၊ ဟုမ္မလင်းမြို့များ သိမ်းပိုက်ရေး ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။