CNI International News

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၈

အမေရိကန်အစိုးရက ပြည်ပအကူအညီများကို လျှော့ချဖြတ်တောက်နေသဖြင့် ရုရှားနှင့် ဘယ်လာရုစ်နိုင်ငံများ တွင် အာဏာပိုင်များ၏ ထိန်းချုပ်မှုများနှင့် ရင်ဆိုင်နေရသည့် လူ့အခွင့်အရေးအဖွဲ့များ၊ တက်ကြွလှုပ်ရှားသူများနှင့် လွတ်လပ်သည့် မီဒီယာများအတွက် စိန်ခေါ်မှုများနှင့် ရင်ဆိုင်လာရကြောင်း အေပီမှ ဖော်ပြခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် ပြည်ပနိုင်ငံများနှင့် အဖွဲ့အစည်းများအား ထောက်ပံ့ပေးနေသည့် အမေရိကန်၏ အကူအညီများကို ရက်ပေါင်း ၉၀ ဆိုင်းငံ့ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ထိုအကူအညီများကို USAID နှင့် အမေရိကန်အစိုးရက ရန်ပုံငွေ ထောက်ပံ့ပေးထားသည့် အခြားအဖွဲ့အစည်းများ က ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ပြီး ပြည်ပနိုင်ငံများရှိ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများနှင့် လွတ်လပ်သည့် မီဒီယာများအတွက် အဓိက ထောက်ပံ့ငွေ အရင်းအမြစ်ဖြစ်ခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်

“အခုအခါမှာတော့ တော်တော်ဆိုးပါတယ်။ ဒီလိုအခြေအနေမျိုးသာ မရောက်ခဲ့ဘူးဆိုရင် ကမ္ဘာတစ်ဝန်းက အဖွဲ့အစည်းတွေဟာ အခုထက်ပိုပြီး ကောင်းမွန်တဲ့ အရာတွေကို အများကြီးလုပ်နိုင်ပါလိမ့်မယ်”ဟု ရုရှားနိုင်ငံမှ အမည်မဖော်လိုသည့် တက်ကြွလှုပ်ရှားသူတစ်ဦးက အေပီသတင်းဌာနကို ပြောကြားခဲ့သည်။

ထရမ့်၏ ဆုံးဖြတ်ချက်ကို ရုရှားနှင့် ဘယ်လာရုစ်နိုင်ငံတို့ရှိ လူ့အခွင့်အရေးအဖွဲ့များနှင့် လွတ်လပ်သည့် မီဒီယာ အဖွဲ့များက အလွန်ဆိုးရွားသော ဆုံးဖြတ်ချက်ဖြစ်သည်ဟုဆိုကာ ဝေဖန်နေကြသည်။

ရုရှားနိုင်ငံသားများ ဖွဲ့စည်းထားသည့် လူ့အခွင့်အရေးအဖွဲ့အချို့သည် ထောက်ပံ့ငွေများ ဖြတ်တောက်ခံခဲ့ရသဖြင့် ၎င်းတို့၏ အသုံးစရိတ်များကို လျှော့ချပြီး လုပ်စရာရှိသော အစီအစဉ်များကိုလည်း ဆိုင်းငံ့ထားကာ လုပ်ငန်းစဉ် များကို ဆက်လက် လည်ပတ်နေရသည်။

အစိုးရကို ဆန္ဒပြနေကြစဉ်

၎င်းတို့သည် ပုဂ္ဂလိကကဏ္ဍမှ အလှူငွေများအား လက်ခံရရှိထားသဖြင့် ထရမ့်၏ အကူအညီများ ဆိုင်းငံ့မှုသည် ၎င်းတို့အဖွဲ့အပေါ် အနည်းငယ် သက်ရောက်မှုရှိခဲ့ကြောင်း OVD-Info အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ အန်နီစီမော့ဗ် (Dmitry Anisimov) က ပြောကြားခဲ့သည်။

OVD-Info သည် ရုရှားတွင် နိုင်ငံရေးသမားများ ဖမ်းဆီးခံရမှုကို စစ်တမ်းကောက်ယူပြီး တရားရေးဆိုင်ရာ အကူအညီပေးနေသည့် လူ့အခွင့်အရေးအဖွဲ့ဖြစ်သည်။

သို့သော် ၎င်းတို့ အဖွဲ့အစည်းအား ကူညီထောက်ပံ့ပေးနေသည့် အဖွဲ့များသည် အမေရိကန်၏ ထောက်ပံ့ငွေ ဆိုင်းငံ့မှုဒဏ်ကို သိသိသာသာ ခံစားခဲ့ရကြောင်း ဒီမီထရီ အန်နီစီမော့ဗ်က ဆိုသည်။

ရုရှားအစိုးရကို ဆန့်ကျင်သည့် ပြည်ပြေးမီဒီယာတစ်ခု၏ အမည်မဖော်လိုသည့် အယ်ဒီတာတစ်ဦးကမူ အွန်လိုင်းမှ အလှူငွေ တောင်းခံမှုသည် ခိုင်လုံသည့် ဝင်ငွေ အရင်းအမြစ်များထဲမှ တစ်ခုအပါအဝင် ဖြစ်လာခဲ့ကြောင်း ပြောကြားခဲ့သည်။

Source: အေပီ