CNI International News

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၈

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ အစိုးရအဖွဲ့သည် အမေရိကန်၏ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီဖြစ်သည့် USAID ၏ ဝန်ထမ်းအရေအတွက်ကို ၃၀၀ အောက်သာ ထားရှိရန် စီစဉ်နေကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ထိုဝန်ထမ်းအင်အားအရ ကမ္ဘာတစ်ဝန်း ဝန်ထမ်းအင်အား ၁၀,၀၀၀ ကျော်ရှိသည့် USAID ၏ ဝန်ထမ်း အရေအတွက်သည် သိသိသာသာ ကျဆင်းသွားမည်ဖြစ်ကြောင်း သတင်းရင်းမြစ်များက ဖေဖော်ဝါရီ ၆ ရက်တွင် ပြောကြားခဲ့သည်။

အမေရိကန်၏ အဓိက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအေဂျင်စီဖြစ်သည့် USAID သည် ထရမ့်၏ မဟာမိတ်ဖြစ်သော စီးပွားရေးလုပ်ငန်းရှင် အီလွန်မာ့စ် (Elon Musk) ဦးဆောင်သည့် အစိုးရအဖွဲ့ ပြန်လည်ဖွဲ့စည်းရေး အစီအစဉ်၏ ပစ်မှတ်တစ်ခု ဖြစ်လာခဲ့သည်။

ဒေါ်နယ်ထရမ့်နဲ့ အီလွန်မာ့စ်ကို တွေ့ရစဉ်

ထိုအစီအစဉ်အရ USAID ၏ ဝန်ထမ်း အရေအတွက်ကို ၂၉၄ ဦးသာ ခန့်ထားတော့မည်ဖြစ်ပြီး USAID ၏ အာဖရိက ဗျူရိုအတွက် ဝန်ထမ်း ၁၂ ဦးနှင့် အာရှဗျူရိုအတွက် ၈ ဦးသာ ထားရှိတော့မည်ဖြစ်ကြောင်း သတင်းရင်းမြစ်များက ပြောသည်။

ထိုအစီအစဉ်သည် အလွန်ဆိုးရွားပြီး သောင်းနှင့်ချီသည့် ဝန်ထမ်းများသည် အလုပ်အကိုင်များ ဆုံးရှုံးလိမ့်မည် ဖြစ်ကာ ကမ္ဘာတစ်ဝန်း သန်းနှင့်ချီသည့် လူများကို ကူညီကယ်ဆယ်ပေးနေသော USAID ကို အဆုံးသတ်စေလိမ့် မည်ဖြစ်ကြောင်း USAID အကြီးအကဲအဖြစ် ၆ နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့သည့် ဂျေ ဘရိုင်ယန် အက်ဝုဒ် (J. Brian Atwood) က ပြောကြားခဲ့သည်။

“ဒီအစီအစဉ်ကြောင့် လူပေါင်းများစွာ အသက်ရှင်ရပ်တည်ဖို့ ခက်ခဲလာပါလိမ့်မယ်”ဟု လက်ရှိတွင် ဘရောင်း တက္ကသိုလ် (Brown University's) ၏ ဝတ်ဆန် အင်စတီကျု(Watson Institute) တွင် ပညာရှင်တစ်ဦးအဖြစ် ဆောင်ရွက်နေသည့် အက်ဝုဒ်က ပြောကြားခဲ့သည်။

USAID ကို ကာကွယ်ဖို့တောင်းဆိုနေကြစဉ်

ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကို ရိုက်တာသတင်းဌာနက မှတ်ချက် ပေးရန် တောင်းဆိုခဲ့သော်လည်း တုန့်ပြန်ခဲ့ခြင်းမရှိပေ။

လက်ရှိတွင် USAID တွင် ကမ္ဘာတစ်ဝန်း ဝန်ထမ်း ၁၀,၀၀၀ ကျော်ခန့်ထားပြီး ၎င်းတို့အနက် ၃ ပုံ ၂ ပုံမှာ အမေရိကန်အပြင်ဘက် ပြည်ပနိုင်ငံများတွင် ရှိနေကြောင်း လွှတ်တော်ဆိုင်ရာ သုတေသန ဌာန (CRS) က ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ် ဘဏ္ဍာနှစ်တွင် USAID သည် ဒေါ်လာ ၄၀ ဘီလျံကျော်ကို စီမံခန့်ခွဲခဲ့ကြောင်း နောက်ဆုံးရရှိသည့် သတင်းအချက်အလက်များ၌ ဖော်ပြထားသည်။

Source: ရိုက်တာ