CNI International News
ဘန်ကောက်၊ ဖေဖော်ဝါရီ ၈
ထိုင်းနိုင်ငံသည် ကျားဖြန့်လုပ်ငန်းများ လုပ်ကိုင်နေသည့် မြန်မာနယ်စပ်ဒေသများသို့ လျှပ်စစ်ဓာတ်အားနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ခဲ့သဖြင့် ထိုလုပ်ဆောင်ချက်သည် ထိုင်းနိုင်ငံအတွက် ကြီးမားသည့် စိန်ခေါ်မှုတစ်ခုအဖြစ် ရှုမြင်နိုင်သည်ဟု The Nation မှ ဖော်ပြခဲ့သည်။
ထိုကဲ့သို့ မြန်မာနယ်စပ်ဒေသ ၅ ခုသို့ စွမ်းအင်ဖြတ်တောက်မှုသည် ကနဦးတွင် အောင်မြင်မှုများ ရရှိသည်ကို မြင်တွေ့ရသည်။
မြဝတီမြို့တွင် သိုလှောင်ထားသည့် လောင်စာများကို ချက်ချင်း ထုတ်သုံးနေရကာ ရွှေကုက္ကိုလ်တွင်လည်း လျှပ်စစ်ဓာတ်အားသုံးစွဲမှု ၄ဝ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။
လျှပ်စစ်ဓာတ်အားလိုင်း ဖြတ်တောက်ခံရသည့် နေရာဒေသများအနက် မြဝတီ၊ ဘုရားသုံးဆူနှင့် တာချီလိတ်မြို့ များ ပါဝင်သည်။
မြန်မာဘက်ကို ထိုင်းက လျှပ်စစ်မီးဖြတ်တောက်လိုက်စဉ်
ထိုင်းစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ပန်နာ ကလောဘလူတပ် (Pana Klaewblaudtuk) ကလည်း ထိုင်း-မြန်မာ နယ်စပ်ဒေသ တစ်လျှောက်ရှိ အခြေအနေကို အနီးကပ်စောင့်ကြည့်ရန် စစ်သားများကို အမိန့်ပေးထားသည်။
တရုတ်၏ ပြည်သူ့လုံခြုံရေး ဒုဝန်ကြီး လျူကျုံယိ (Zhongyi) သည် ထိုင်းအေဂျင်စီများကို အကူအညီပေးရန် ထိုင်းသို့ လာရောက်ခဲ့ပြီးနောက် ဒေသတွင်း ကျားဖြန့်ဂိုဏ်းများ၏ ဖိအားများ မြင့်တက်လာခဲ့သည်။
ထိုသို့ ကျားဖြန့်ဂိုဏ်းများ ဖိအားမြင့်တက် နေချိန်တွင် နယ်စပ်ဒေသ အခြေအနေကို အနီးကပ် စောင့်ကြည့်ရန် ထိုင်းကာကွယ်ရေးဝန်ကြီး ဖွမ်သမ် ဝီချာယာချိုင်း (Phumtham Wechayachai) က အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ် သည်။
မြန်မာနယ်စပ်ဒေသများကို စွမ်းအင်များ ဖြတ်တောက်မှုအပြင် တရုတ်ကိုယ်စားလှယ်အဖွဲ့က ကျားဖြန့်ဂိုဏ်း ခေါင်းဆောင်များကို ဖမ်းဆီးရန် ထိုင်းနိုင်ငံကို တိုက်တွန်းခဲ့သည်။
ထိုင်းက မြန်မာဘက်ကို လောင်စာဆီသွင်းခွင့်ပိတ်လိုက်စဉ်
ထို့ပြင် ထိုကဲ့သို့ ရာဇဝတ်လုပ်ငန်းများကို တိုက်ဖျက်ရန် ထိုင်း-တရုတ် ပူးပေါင်းဆောင်ရွက်ရေးစင်တာ ထူထောင် ရန်လည်း တရုတ်ကိုယ်စားလှယ်အဖွဲ့က အဆိုပြုခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံအတွင်းရှိ ကျားဖြန့်လုပ်ငန်းများတွင် ထိန်းသိမ်းခံထားရပြီး အတင်းအဓမ္မ အလုပ်စေခိုင်း ခံနေရ သည့် တရုတ်နိုင်ငံသားများ၏ တည်နေရာကို ရှာဖွေပြီး အမြန်ဆုံး ကယ်တင်ပေးရန်လည်း တရုတ်က ထိုင်းကို တိုက်တွန်းထားသည်။
ထိုင်းအရာရှိများကမူ ကျားဖြန့်ဂိုဏ်းများကို နောက်ကွယ်မှ ကြိုးကိုင်နေသူများသည် ထိုင်းဘက်က လျှပ်စစ် ဓာတ်အားများ ဖြတ်တောက်ထားချိန်တွင် မီးစက်များကို ယာယီအသုံးပြုဖွယ်ရှိနေပြီး လျှပ်စစ်ဓာတ်အားလိုင်း များအား လာအို သို့မဟုတ် တရုတ်ထံမှ ရယူရန် ကြိုးပမ်းလိမ့်မည်ဟု ယူဆထားကြသည်။
Source: The Nation