CNI International News

ဘန်ကောက်၊ မေလ ၃

ထိုင်းအစိုးရသည် AI နည်းပညာနယ်ပယ်ကို အပြည့်အဝ အားပေးထောက်ခံရန် လုပ်ဆောင်နေပြီး အနာဂတ်တွင် ဒစ်ဂျစ်တယ် အခြေခံအဆောက်အအုံအတွက် လမ်းဖွင့်ပေးထားကြောင်း ထိုင်းဝန်ကြီးချုပ် ဆရီသာ သာဗီဆင် (Srettha Thavisin) က ပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

“အခုဆယ်စုနှစ်ထဲမှာ AI ဟာ တိုးတက်ပြောင်းလဲမှုအရှိဆုံး အင်အားတစ်ခု ဖြစ်တယ်ဆိုတာကို ဘယ်သူကမှ ငြင်းနိုင်မှာ မဟုတ်ပါဘူး”ဟု ဆရီသာက ခလွန်တိုအီ (Khlong Toei) ခရိုင်ရှိ ဘုရင်မ သီရိခေတ် အမျိုးသား ကွန်ဗန်းရှင်းစင်တာ (QSNCC) တွင် ပြုလုပ်သည့် “Microsoft Build: AI Day Event” ပွဲ အခမ်းအနား၌ ပြောကြားခဲ့သည်။

“AI ဟာ ကျနော်တို့ရဲ့ ဘဝတွေ၊ လုပ်ငန်းခွင်တွေနဲ့ စီးပွားရေးတွေအပေါ် ရှုထောင့်ပေါင်းစုံကနေ ပြောင်းလဲခဲ့ပါ တယ်။ ဒီနိုင်ငံမှာ AI လုပ်ငန်းကို အပြည့်အဝ ထောက်ခံပေးဖို့ အစိုးရက လုပ်ဆောင်နေပြီ ထိုင်းဟာ AI အတွက် အသင့်ရှိနေပြီဆိုတာ ကျနော် ဝမ်းမြောက်စွာနဲ့ ပြောချင်ပါတယ်” ဟု ဆရီသာက ပြောသည်။

ထိုပွဲအခမ်းအအနားကို developer များ၊ စီးပွားရေးနှင့် နည်းပညာ ခေါင်းဆောင်များ အပါအဝင် လူပေါင်း ၂၀၀၀ ခန့် တက်ရောက်ခဲ့သည်။

ထိုင်းနိုင်ငံသည် ဒေသတွင်း အင်အားအကောင်းဆုံး အင်တာနက်နှင့် ဒစ်ဂျစ်တယ် အခြေခံ အဆောက်အအုံများ ရှိသည့် နိုင်ငံများထဲတွင် ပါဝင်နေပြီး broadband အင်တာနက်၊ မိုဘိုင်းဆက်သွယ်ရေးနှင့် 5G အခြေခံ အဆောက်အအုံနှင့် နိုင်ငံတကာ ရေအောက် ကေဘယ်ကွန်ရက်တို့ရှိကြောင်း ဆရီသာက ပြောသည်။

AI နည်းပညာကို ပြသထားစဉ်

ဖေဖော်ဝါရီလက စတင်ခဲ့သည့် “Ignite Thailand” အမည်ရှိ အစီအစဉ်အရ အစိုးရအဖွဲ့သည် နိုင်ငံကို ဒေသတွင်း အဓိက လုပ်ငန်းများတည်ရှိသည့် ရပ်ဝန်းတစ်ခုအဖြစ် ပြောင်းလဲ ဖော်ဆောင်မည်ဆိုသည့် ကတိကဝတ်နှင့် လုပ်ဆောင်မှုများကို ပြသရာ ရောက်သည်ဟုလည်း ထိုင်းဝန်ကြီးချုပ်က ပြောသည်။

ထိုအဓိက လုပ်ငန်းနယ်ပယ်များထဲတွင် ဒစ်ဂျစ်တယ်စီးပွားရေး၊ ခရီးသွားကဏ္ဍ၊ ဆေးဝါးကဏ္ဍ၊ အစားအသောက် ကဏ္ဍ၊ လေကြောင်းကဏ္ဍ၊ အနာဂတ် မော်တော်ယာဉ်လုပ်ငန်းကဏ္ဍနှင့် ဘဏ္ဍာရေးကဏ္ဍတို့ ပါဝင်သည်။

ထိုအစီအစဉ်၏ အရေးအကြီးဆုံး အချက်တစ်ခုမှာ ထိုင်နိုင်ငံကို ကမ္ဘာ့အဆင့် မဟုတ်လျှင်တောင် ဒေသတွင်း အဆင့် ဒစ်ဂျစ်တယ် စီးပွားရေး ရပ်ဝန်းအဖြစ် ပြောင်းလဲထူထောင်လိုသည့် ရည်ရွယ်ချက်ဖြစ်သည်။

ထိုအစီအစဉ်အရ အနာဂတ်တွင် အဆင့်မြင့် နည်းပညာလုပ်ငန်းများ ပါဝင်လာလိမ့်မည်ဟု ဆရီသာက ပြောကြားခဲ့သည်။

Source: ဘန်ကောက်ပို့စ်