CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၇
အီတလီအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(ဥရောပဇုန်) ပွဲစဉ်ဖြစ်တဲ့ နော်ဝေအသင်းနဲ့ပွဲမှာ ၃ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ် အရေးနိမ့်ပြီးနောက် ဂိုးသမားဖြစ်သူ ဒွန်မာရမ်မာက အသင်းရဲ့စွမ်းဆောင်ရည်က လက်ခံနိုင်စရာမရှိဘူးလို့ ဝေဖန်ခဲ့ပါတယ်။
ဒွန်နာရမ်မာက “ကျနော့်မှာ ပြောစရာစကားမရှိပါဘူး။ ကျနော်တို့ဟာ တိုးတက်အောင်လုပ်ဖို့ လိုအပ်ပြီး ပရိသတ် တွေအတွက် ဒါကထိုက်တန်မှု မရှိပါဘူး။ ဒီပွဲက စွမ်းဆောင်ရည်ဟာ လက်ခံနိုင်စရာမရှိတဲ့အတွက် ကျနော်တို့ အတူတကွ ရုန်းထွက်ဖို့လိုပါတယ်။ လူတိုင်းဒါကို တာဝန်ယူရမှာဖြစ်ပြီး အရင်ကထက် ပိုစည်းလုံးရမယ်”လို့ ပြောခဲ့တာပါ။
အီတလီအသင်းဟာ ဒီပွဲရဲ့ပထမပိုင်းမှာကတည်းက နော်ဝေအသင်းကို ၃ ဂိုး ခွင့်ပြုခဲ့ရတာဖြစ်ပြီး ဒုတိယပိုင်းမှာ ချေပဂိုး မသွင်းယူနိုင်ခဲ့တာကြောင့် ဂိုးပြတ်ရှုံးပွဲ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။
အီတလီနဲ့နော်ဝေ ယှဉ်ပြိုင်နေစဉ်
အီတလီအသင်းဟာ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ၄ ကြိမ်အထိ ရရှိထားပေမယ့် ပြီးခဲ့တဲ့ ၂၀၁၈ နဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲတွေမှာ ခြေစစ်ပွဲ မအောင်မြင်ခဲ့တာကြောင့် ယှဉ်ပြိုင်ခွင့် မရခဲ့ပါဘူး။
အခုအချိန်မှာလည်း အီတလီအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အဖွင့်ပွဲစဉ်မှာ ရှုံးပွဲကြုံတွေ့ခဲ့ရတာပါ။
အီတလီအသင်းနည်းပြ စပယ်လက်တီက ဒါဟာ အသင်းအတွက် ခက်ခဲတဲ့ အခိုက်အတန့်ဖြစ်ပေမယ့် ဒီလူစာရင်း ကို သူရွေးချယ်ထားပြီး ဖြစ်တဲ့အတွက် ဒါကိုဆက်ပြီး လုပ်ဆောင်ရမယ်လို့ ပြောခဲ့ပါတယ်။
နော်ဝေအသင်းဟာ ဒီနိုင်ပွဲကြောင့် ခြေစစ်ပွဲ ၃ ပွဲ ကစားအပြီးမှာ ရာနှုန်းပြည့်နိုင်ပွဲနဲ့ အုပ်စုထိပ်ဆုံးနေရာ ရပ်တည် နေပြီး အစ္စရေးအသင်းက ၆ မှတ်နဲ့ အဆင့် ၂ ၊ အက်စ်တိုးနီးယားအသင်းက ၃ မှတ်နဲ့ အဆင့် ၃ နေရာမှာ ရပ်တည် နေတာပါ။
အီတလီအသင်းဟာ လာမယ့် ခြေစစ်ပွဲအဖြစ် အုပ်စုတွင်း နောက်ဆုံးနေရာမှာ ရပ်တည်နေတဲ့ မော်လ်ဒိုဗာအသင်း နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:ESPN