CNI International News
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၆
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) အစိုးရအဖွဲ့က အမေရိကန်၏ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက် ရေး အေဂျင်စီဖြစ်သည့် USAID ၏ ဝန်ထမ်းအားလုံးနီးပါးကို အလုပ်နားပြီး ခွင့်ယူကြရန် ဖေဖော်ဝါရီ ၄ ရက်က အမိန့်ထုတ်ပြန်ခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။
ထို့ကြောင့် ကမ္ဘာတစ်ဝန်း ငတ်မွတ်ခေါင်းပါးမှု တိုက်ဖျက်ရေး၊ ပညာရေး ထောက်ပံ့မှုများနှင့် ကပ်ရောဂါများကို တိုက်ဖျက်ရေးတို့အတွက် ဆယ်စုနှစ် ၆ စုကြာ လုပ်ဆောင်ခဲ့သည့် USAID သည် အဆုံးသတ်တော့မည့် အခြေအနေသို့ ရောက်ရှိစေခဲ့သည်။
USAID ဝန်ထမ်းများကို ပေးပို့သည့် အီးမေးလ်များနှင့် အွန်လိုင်းမှ နို့တစ်စာအရ USAID ၏ အဓိကကျသည့် တာဝန်များ၊ ခေါင်းဆောင်မှုပိုင်းနှင့် အထူးသတ်မှတ်ထားသော စီမံကိန်းများတွင် တာဝန်ယူထားသည့် ဝန်ထမ်း များမှလွဲပြီး ကျန်ငှားရမ်းထားသော ဝန်ထမ်းအားလုံးကို ဖေဖော်ဝါရီ ၇ ရက်မှစပြီး ခွင့်ယူရလိမ့်မည်ဟု ဖော်ပြ ထားသည်။
ထိုအမိန့်သည် ဖေဖော်ဝါရီ ၆ ရက် ညသန်းခေါင်တွင် စတင် အသက်ဝင်မည်ဖြစ်ပြီး ပြည်ပနိုင်ငံများရှိ USAID ဝန်ထမ်းများအနေဖြင့် ရက်ပေါင်း ၃၀ ကြာ အိမ်ပြန်ရမည်ဖြစ်သည်။
အီလွန်မာ့စ်နဲ့ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
ထိုအစီအစဉ်သည် လွတ်လပ်စွာ ဖွဲ့စည်းထားသည့် USAID ကို နိုင်ငံခြားရေးဝန်ကြီးဌာန လက်အောက်သို့ သွတ်သွင်းမည့် အဆိုပြုချက်များထဲမှ တစ်စိတ်တစ်ပိုင်းဖြစ်သည်။
အခြားအစီအစဉ်များတွင် USAID ၏ အသေးစား မစ်ရှင်များကို ပိတ်ပင်ခြင်းနှင့် အကြီးစား စီမံကိန်းများကို တစ်စိတ်တစ်ပိုင်း ပိတ်ပင်ခြင်းတို့လည်း ပါဝင်သည်။
ဒီမိုကရက်တစ် လွှတ်တော်အမတ်များ၏ ဝေဖန်မှုများရှိနေသည့်တိုင် USAID သည် အမေရိကန်အစိုးရအဖွဲ့သစ်နှင့် အီလွန်မာ့စ် (Elon Musk) ၏ ဘတ်ဂျက်လျှော့ချရေး ဌာနဖြစ်သည့် အစိုးရအကျိုးဆောင်ဌာနတို့၏ အဓိကပစ်မှတ် တစ်ခုဖြစ်ခဲ့သည်။
ပြည်ပနိုင်ငံများရှိ ထောင်နှင့်ချီသည့် USAID ဝန်ထမ်းများကို ဖယ်ရှားခြင်းသည် ယူကရိန်းနိုင်ငံကဲ့သို့ လုံခြုံရေး အထောက်အပံ့များ ရရှိနေသည့် နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၁၂၀ ခန့်ရှိ ဒေါ်လာ ဘီလျံချီ တန်ကြေးရှိသော ပရော်ဂျက်များကို ထိခိုက်စေမည်ဖြစ်သည်။
ထို့ပြင် ပိုလီယို၊ ရေကျောက်ရောဂါများ တိုက်ဖျက်ရေးနှင့် HIV/AIDS ရောဂါ တားဆီးရေးတို့ကဲ့သို့ ကျန်းမာရေး အစီအစဉ်များသည်လည်း ရပ်တန့်သွားခဲ့ပြီဖြစ်သည်။
Source: အေပီ