CNI News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၆
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဖြစ်သည့် ဦးချစ်ဆွေအား အလုပ်သမားဝန်ကြီးအဖြစ် ခန့်အပ်လိုက်ခြင်း သည် ထိုင်းရောက် မြန်မာအလုပ်သမားများအတွက် ပိုမိုတင်းကြပ်မှုများ ရှိလာနိုင်ကြောင်း ရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက CNI သတင်းဌာနသို့ ပြောသည်။
နစကဥက္ကဋ္ဌ သက်တမ်း ၆ လ ထပ်တိုးချိန်တွင် ၁ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့သည့် အလုပ်သမားဝန်ကြီး ဦးမြင့်နောင်ကို တာဝန်မှ အနားပေးလိုက်ပြီး ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးချစ်ဆွေကို အစားထိုး ခန့်အပ် လိုက်သည်။
ဦးချစ်ဆွေသည် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ယူခဲ့သည့်အတွက် ထိုင်းနိုင်ငံရှိ အလုပ်သမား အရေးနှင့်ပတ်သက်၍ ထဲထဲဝင်ဝင် သိရှိသူဖြစ်သောကြောင့် ပိုဆိုးရန်သာရှိကြောင်း ရွှေ့ပြောင်းအလုပ်သမား အရေး ကူညီဆောင်ရွက်ပေးနေသူ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။
ရွှေ့ပြောင်းလုပ်သားများကိုတွေ့ရစဉ်
ဦးမင်းဦးက “ဒီဘက်မှာရှိတဲ့ အနေအထားကိုလည်း သူသိထားပြီးသားလေ။ သူ့အနေနဲ့ကတော့ ပြောရမယ်ဆိုရင် တစ်ခုသာတာက ဒီဘက်မှာရှိတဲ့ အခြေအနေနဲ့ ထိုင်းနိုင်ငံဘက်က အာဏာပိုင်တွေနဲ့ အဆက်အသွယ်ရှိတဲ့ အတွက်ကြောင့် တချို့ဟာတွေမှာတော့ ညှိနှိုင်းလုပ်ဆောင်လို့ရတဲ့ဟာတွေရှိတယ်။ ကျနော်ဆိုလိုတာက အလုပ်သမားအရေး အတွက်ကတော့ ပိုပြီးကောင်းဖို့ မရှိနိုင်ပါဘူး။ ပိုဆိုးဖို့ပဲရှိတယ်။ ဘယ်လိုမျိုးကိုင်တွယ်လို့ ရမလဲ၊ ညှိလို့ရမလဲ ဒါမျိုးတွေပဲ အားထုတ်ပြီးလုပ်မယ်လို့ ထင်ပါတယ်။ ကြပ်မှာကတော့ ကျိန်းသေတယ်လေ။ သူက ဒီမှာရှိတဲ့ အနေအထားကို သူကသိသွားပြီးပြီဆိုတော့ အလုပ်သမားတွေ ဘယ်လိုမျိုး ညှိလို့ရမလဲဆိုတာ ပိုပြီး ကျွမ်းကျင်သွားတာပေါ့” ဟု ပြောသည်။
ဦးချစ်ဆွေသည် ၂၀၂၂ ခုနှစ်၊ ဇွန်လ၌ နစက သက်တမ်း ၆ လတိုးစဉ်က ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး အဖြစ် ခန့်အပ်ခံခဲ့ရသူ ဖြစ်သည်။ ထို့နောက် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်တွင် နစက သက်တမ်း ၆ လ ထပ်မံ တိုးသည့်အခါမှာတော့ အလုပ်သမားဝန်ကြီးအဖြစ် ပြောင်းလဲ ခန့်အပ်ခံခဲ့ရသည်။
ဦးချစ်ဆွေသည် အလုပ်သမားအရေး ပို၍ကျွမ်းကျင်သည်ဟု သုံးသပ်ကာ အလုပ်သမားဝန်ကြီးအဖြစ် ခန့်အပ် လိုက်ခြင်းဖြစ်နိုင်ကြောင်း၊ သို့သော် အလုပ်သမားအရေးမှာ အလားအလာ ကောင်းလာဖွယ်မရှိကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ဦးအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
ရွှေ့ပြောင်းလုပ်သားများကိုတွေ့ရစဉ်
ဦးအောင်ကျော်က “ကျနော်တို့ အစဉ်အလာမှာလည်း နိုင်ငံခြားတိုင်းတစ်ပါးမှာ သံအမတ်အဖြစ် ခန့်အပ်ခံထားတဲ့ ပုဂ္ဂိုလ်တွေကို ပြည်တွင်းကို ပြန်လည်ခေါ်ယူပြီးမှ ဝန်ကြီးအဖြစ် ရာထူးခန့်အပ်တာ မကြားဖူးဘူး။ သူတို့ကတော့ အလုပ်သမားအရေးကို ပိုပြီးကျွမ်းကျင်တယ်လို့ သုံးသပ်ပုံရတယ်။ သို့သော် ကျနော်တို့ အမြင်မှာတော့ ထိုင်းမှာ သံအမတ်အဖြစ် နေစဉ်ကာလမှာလည်း အလုပ်သမားအရေးကို စွမ်းစွမ်းတမံ ဘာတစ်ခုမှ ဆောင်ရွက်တာ မရှိခဲ့ ဖူးတဲ့ အတွက်ကြောင့် ကျနော်တို့ အနေနဲ့တော့ အလုပ်သမားရေးရာနဲ့ပတ်သက်ပြီး ထိုင်းကိုယ်စားပြုတင် မဟုတ် ဘဲနဲ့ တစ်ကမ္ဘာလုံးမှာရှိတဲ့ လုပ်သားတွေအရေးကို သိဖို့ဆိုတာ အင်မတန်ခက်ပါလိမ့်မယ်။ ထိုင်းအလုပ်သမား အရေးနဲ့ ပတ်သက်ပြီးတောင် ဘာတစ်ခုမှ စွမ်းစွမ်းတမံ မဆောင်ရွက်နိုင်ခဲ့ဘူးဆိုတာကို ကျနော်တို့ မြင်တွေ့ ရပါတယ်” ဟု ပြောသည်။
လက်ရှိတွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်မှ စတင်ကာ စစ်မှုထမ်း အသက်သတ်မှတ်ချက်ဖြစ်သည့် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများအား ပြည်ပအလုပ်အကိုင်အတွက် စာချုပ်ချုပ်ဆိုမှုများကို အကန့်အသတ်မရှိ ရပ်ဆိုင်း ထားသည်။
ထိုမတိုင်ခင် ဇန်နဝါရီ ၁၇ ရက်က နေပြည်တော် အစည်းအဝေးတွင် နစကဥက္ကဋ္ဌမှ လူဦးရေ ကျဆင်းခြင်းကြောင့် ပြည်တွင်း လုပ်သားအင်အားနှင့် ရွေးကောက်ပွဲအပေါ် သက်ရောက်မှုဖြစ်စေကြောင်း မှတ်ချက်ပြု ပြောဆိုထားခဲ့ သည်။
ထို့နောက် ဇန်နဝါရီ ၂၃ ရက်နေ့တွင် စစ်မှုထမ်းနည်းဥပဒေ ထွက်ပေါ်လာခဲ့ပြီး နည်းဥပဒေပုဒ်မ ၅၁ မှာ စစ်မှုထမ်း ရန် ဆင့်ခေါ်သည့် အမိန့်စာ ရရှိသူသည် ဗဟိုအဖွဲ့၏ ခွင့်ပြုချက်မရှိဘဲ ပြည်ပနိုင်ငံများကို ထွက်ခွာခွင့် မရှိစေရဟု ထည့်သွင်းပြဋ္ဌာန်းထားသည်။