CNI News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၆
KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ၏ ပြောကြားစကားများသည် ငြိမ်းချမ်းရေးကို နိုင်ငံရေးစားပွဲပေါ်တွင်သာ ရှာရန်တိုက်တွန်းခြင်းဖြစ်နိုင်သည်ဟု တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာ့တပ်မတော်အနေဖြင့် နိုင်ငံငြိမ်းချမ်းရေးအား စစ်မြေပြင်တွင် မရှာဖွေဘဲ ကိုယ်တိုင်စွဲကိုင်ထားသည့် အာဏာကို တိုင်းပြည်ငြိမ်းချမ်းရေးအတွက် အသုံးပြုရန် လိုအပ်ကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်တွင် ကျရောက်သည့် ၆၄ နှစ်မြောက် ကချင်တော်လှန်ရေးနေ့ မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။
စစ်ကိုရှည်ရှည် ဆက်တိုက်နေမည့်အစား ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်ရန် တိုက်တွန်းခြင်းဖြစ်ကြောင်း၊ နိုင်ငံရေး စားပွဲပေါ်တွင်သာ ငြိမ်းချမ်းရေး ရှာရမည်ဖြစ်ကြောင်း ပြောခြင်းဖြစ်နိုင်သည်ဟု တရုတ်-မြန်မာအရေး လေ့လာသုံး သပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။
ဗန်းမောက်မြို့နယ်ထဲက ရှမ်းနီလူမျိုးများကို KIA ကဖမ်းဆီးသွားခြင်းကို မြေပုံမှဖော်ပြထားစဉ်
ဒေါက်တာလှကျော်ဇောက “သူပြောတာက ဒီလိုနဲ့တူပါတယ်၊ စစ်ကို အပြတ်တိုက်ပြီးတော့ စစ်ကို ရှည်ရှည် ဆက်တိုက်နေမယ့်အစား ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်ဖို့တိုက်တွန်းတဲ့ အဓိပ္ပါယ်လို့ ကျမတော့ သဘောပေါက် တယ်၊ စစ်မြေပြင်မှာ ရှာမယ်ဆိုရင်တော့ သူကအပြတ်တိုက်ရေး ဖြစ်သွားမှာပေါ့၊ အပြတ်တိုက်ရေးအတွက် ငြိမ်းချမ်းရေး ထူထောင်မယ် ဆိုတဲ့အစား နိုင်ငံရေးစားပွဲပေါ်မှာပဲရှာဖို့ တိုက်တွန်းတဲ့သဘောလို့ ကျမထင်တာပဲ၊ သူတို့က အခု သဘောပေါက်နေပြီလေ KIA ပဲဖြစ်ဖြစ်၊ AA ပဲဖြစ်ဖြစ် အရင်တုန်းကတော့ သူတို့လူမျိုးလေး လွတ်မြောက်ရင် ရပြီ၊ သူတို့နေတဲ့ ဒေသလေး လွတ်မြောက်ရင်ရပြီလို့ သူတို့တွက်တာကိုး၊ အခုတော့ ဗမာပြည်မ ကြီးကလည်း စစ်ကောင်စီရဲ့ လက်ထဲက လွတ်မှ သူတို့လူမျိုးတွေရဲ့ လွတ်မြောက်ရေးကို ထိန်းနိုင်မယ်လို့ သူတို့ တွက်တာကိုး၊ ဒါကြောင့်မို့လို့ ဆက်တိုက်တာထင်တယ်၊ AA လည်း ဆက်တိုက်နေတာပဲလေ၊ KIA လည်း ဆက်တိုက်နေတာပဲ၊ ဒီပြည်မကြီးမှာရှိတဲ့ ဗမာလူမျိုးတွေပါ လွတ်မြောက်မှ ဒီစစ်အာဏာရှင်စနစ် ပြုတ်မှပဲ ဖြစ်မယ်ဆိုတာ သူတို့တွက်မိတယ်ပေါ့ဗျာ၊ အဲဒါကြောင့် ဆက်တိုက်တာ၊ ဆက်တိုက်မှာပါ သူတို့တွေ” ဟု ပြော သည်။
ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲများတွင် ဆုံးဖြတ်ရမည့် ကိစ္စရပ်များအား အချိန်မတိုင်ခင် ဖြေရှင်းတာမျိုး မပြုလုပ်ရန်လည်း ဗိုလ်ချုပ်ကြီးအင်ဘန်လက တိုက်တွန်းခဲ့သည်။
သို့သော် မည်သည့် ကိစ္စရပ်များကို ဆိုလိုခြင်းဖြစ်သည်ကိုတော့ တိတိကျကျ ပြောသွားခြင်းမရှီပေ။
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် မြန်မာ့တပ်မတော်၏ အမြောက်တပ်(အမတ) ၃၆၆ အား ဖေဖော်ဝါရီ ၂ ရက်က KIA နှင့် PDF ပူးပေါင်းတပ်များက သိမ်းယူခဲ့ပြီး တိုက်ပွဲများ ဆက်လက် ပြင်းထန်နေကြောင်း သိရသည်။
ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်အစပ် ဗန်းမောက်မြို့ သိမ်းပိုက်ရေး KIA-PDF ပူးပေါင်းအဖွဲ့က ထိုးစစ်ဆင် တိုက်ခိုက်နေသလို အင်းတော်မြို့တွင်လည်း တိုက်ပွဲများ ဆက်လက် ပြင်းထန်လျက်ရှိ သည်။
KIA-PDF ပူးပေါင်းတပ်ဖွဲ့ကို တွေ့ရစဉ်
KIA-PDF ပူးပေါင်းအဖွဲ့သည် ဗန်းမောက်မြို့ကို သိမ်းပိုက်ရေး ကြောင်လည်နှင့် ပင်းခါးကျေးရွာကို တိုက်ခိုက်၍ စစ်ရေးပြင်ဆင်လျက်ရှိနေပြီး ရှမ်းနီလူမျိုး ၇၀၀ ဝန်းကျင်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး လူသားတံတိုင်းသဖွယ် အသုံးချနေကြောင်း သိရသည်။
အပြန်အလှန် စစ်ဖြစ်နေကြသည့် အချိန်တွင် ငြိမ်းချမ်းရေးစကား ပြော၍မရကြောင်း၊ KIA တပ်များအနေဖြင့် အင်းတော်ဘက်ကို ဦးတည်ဆင်းလာခြင်းသည် စစ်ကိုင်းတိုင်းအတွင်း ဝင်ရောက်တော့မည်ကို အရိပ်လက္ခဏာ ပြနေခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။
ဦးသန်းစိုးနိုင်က “အပြန်အလှန် စစ်ဖြစ်နေကြတဲ့ အချိန်မှာ ငြိမ်းချမ်းရေးကို အဲဒီစစ်မြေပြင်မှာ ရှာဖွေမနေပါနဲ့ဆိုတဲ့ သဘောတစ်ခုပေါ့နော်၊ စစ်မြေပြင်ဆိုတာကတော့ နှစ်ဦးနှစ်ဘက် အပြန်အလှန် အကြမ်းဖက်ကြတာပဲလေ၊ အမြင့် ဆုံး ရရာလက်နက်နဲ့ တိုက်ကြ၊ ခိုက်ကြတာပဲ၊ အဲဒီကြားထဲမှာ ငြိမ်းချမ်းရေးစကား ပြောနေလို့ တိုးမပေါက်ပါဘူး၊ အခု KIA ရဲ့စစ်ရေး အလားအလာကတော့ ကျန်တဲ့တိုင်းရင်းသား ညီနောင်တွေလိုပဲ ပထမအဆင့်က ကချင် ပြည်နယ်ကနေ စစ်ကောင်စီ ရပ်ဆိုင်းသွားဖို့၊ စစ်ကောင်စီရဲ့ တပ်စခန်းတွေရှင်းသွားဖို့၊ ပထမ လုပ်တာပေါ့ဗျာ၊ အဲဒီပြီးလို့ရှိရင် စစ်အာဏာရှင်စနစ်ကို တိုက်ခိုက်ဖယ်ရှားပစ်ဖို့အတွက် အခြားသော တိုင်းရင်းသား ညီကိုတွေ၊ အခြားသော လက်နက်ကိုင် မဟာမိတ်အဖွဲ့အစည်းတွေနဲ့ ပေါင်းစပ်ပြီးတော့ နေပြည်တော်ချီတက်ရေးဆိုတဲ့ အစီအစဥ်ပါပဲ၊ အဲတော့ အခုက ကချင်ပြည်နယ်ဆိုလို့ ရှိရင်လည်း မပခနဲ့ မြစ်ကြီးနားပဲ ကျန်တော့တာပါ၊ ကျန်တဲ့ နေရာတွေ အားလုံးက သိမ်းပြီးပါပြီ၊ နောက်တစ်ခုက KIA တပ်တချို့က အခုဆိုလို့ရှိရင် အင်းတော်ဘက်ကို ဦးတည်ပြီးတော့ ဆင်းနေပါပြီ၊ ဆိုလိုတဲ့အဓိပ္ပါယ်ကတော့ မကြာခင် စစ်ကိုင်းတိုင်းထဲကို ရောက်တော့မယ်ပေါ့” ဟု ပြောသည်။
လက်ရှိတွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းက မဘိမ်း၊ မြို့လှ၊ လွယ်ဂျယ်၊ ဒေါ့ဖုန်းယန်၊ မြို့သစ်၊ ဆင်ဘို၊ အင်ဂျန်းယန်၊ ဆွမ်ပရာဘွမ်၊ ဆဒုံး၊ ချီဖွေ၊ ဆော့လော်၊ ပန်ဝါ၊ ကန်ပိုက်တီ၊ မံစီ စသည့်မြို့များအား KIA-PDF ပူးပေါင်းတပ်များက သိမ်းပိုက်ထားသည်။