CNI News

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၆

အမေရိကန်နိုင်ငံသို့ နေထိုင်ခွင့် အထောက်အထားမဲ့ သို့မဟုတ် တရားမဝင် ရောက်ရှိနေသူဖြစ်ပါက အိမ်ရှင်အစိုးရ ၏ တာဝန်ရှိသူများက ပြည်နှင်ချိန်မှ ထွက်ခွာခြင်းထက် ကြိုတင်ထွက်ခွာသင့်ကြောင်း အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်တွင် ထုတ်ပြန်သတိပေးခဲ့သည်။

အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ဒေါ်နယ်ထရမ့် တက်လာသည့်အခါမှာ အမေရိကန်အစိုးရ သည် နိုင်ငံအတွင်းသို့ အထောက်အထားမဲ့ သို့မဟုတ် တရားမဝင် ရောက်ရှိနေသော ရွှေ့ပြောင်းများကို ဖမ်းဆီး၍ မိခင်နိုင်ငံသို့ ပြန်လည် ဖော်ဆောင်လျက်ရှိနေသည်။

ထိုသို့ ဖော်ဆောင်ရာတွင် အမေရိကန်အစိုးရသည် စစ်တပ်သုံး လေယာဉ်များကို အသုံးပြု၍ လက်ထိပ်ခတ်ကာ ပို့ဆောင်နေခြင်းဖြစ်သလို နေရပ်မပြန်လိုသူများကို ဂွာတီနာမိုအကျဉ်းထောင်သို့ ပို့ဆောင်မည်ဖြစ်သည်။

“မိမိဘာသာပြန်ရင် သူတို့ရဲ့ ထောင်သားတယောက်လို လက်ထိပ်ခတ်ခြင်းမှ လွတ်ကင်းခြင်း၊ သူတို့ရဲ့ အကျဉ်း ချခြင်းမှ လွတ်မြောက်ခြင်း၊ မိမိအနေနဲ့ ပိုင်ဆိုင်မှုတွေကို ရောင်းချခွင့်ရပြီး ပြန်နိုင်ခြင်း၊ အနာဂါတ်မှာ ပြန်လာဖို့ ဗီဇာလျှောက်ရင် ဗီဇာရနိုင်ကိန်းပိုများကြောင်း စသဖြင့် သိရပါတယ်”ဟု Moe Chan ဆိုသော ဆိုရှယ်အကောင့် တစ်ခုက ရေးသား ဖော်ပြထားသည်။

အမေရိကန်ရောက် မြန်မာနိုင်ငံသားများအနေဖြင့် အကြောင်းကြောင်းကြောင့် နေထိုင်ခွင့်ဗီဇာ စသည့် တရားဝင် အထောက်အထားများ သက်တမ်းကုန်ဆုံးခြင်း စသည်တို့ ကြုံတွေ့နေရပါက အထောက်အထားမဲ့ နိုင်ငံခြားသား နေရပ်ရွှေ့ပြောင်းသူအဖြစ် သတ်မှတ်ခံရကာ ပြည်နှင်မည့် အနေအထားများ ဖြစ်‌ပေါ်လာနိုင်သဖြင့် ကာယကံရှင် များ၏ ပုဂ္ဂလိက အစီအစဉ်ဖြင့် နေထိုင်ခွင့်ရရှိရေး ကြိုတင်ဆောင်ရွက်နိုင်ကြပါရန် အသိပေးအကြောင်းကြားအပ် ပါသည်ဟု အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ခဲ့သည်။

အကယ်၍ နေထိုင်ခွင့် အထောက်အထားမဲ့ သို့မဟုတ် တရားမဝင် ရောက်ရှိနေသူဖြစ်ပါက အိမ်ရှင်အစိုးရ၏ တာဝန်ရှိသူများက ပြည်နှင်ချိန်မှ ထွက်ခွာခြင်းထက် ကြိုတင်ထွက်ခွာသင့်ပါကြောင်း၊ မြန်မာနိုင်ငံ အပြန်ခရီး အတွက် မည်သည့်ခရီးသွား လက်မှတ်အမျိုးအစားမျှ မရှိပါက သို့မဟုတ် နိုင်ငံကူးလက်မှတ်သည် ကာလကြာ မြင့်စွာ သက်တမ်းလွန်နေပါက မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် လျှောက်ထားနိုင်ပါကြောင်း၊ လျှောက်ထားရန် ပုံစံနှင့် လိုအပ်ချက်များအား ဤသံရုံး၏ ဝက်ဘ်ဆိုက်မှ ရယူဖြည့်စွက်၍ အီးမေးလ်း/ဖုန်းတို့ဖြင့် ဆောလျင်စွာ ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်ဟု မြန်မာသံရုံးက ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

အမေရိကန်အစိုးရသည် ဗင်နီဇွဲလားနိုင်ငံသား ၃ သိန်းကျော်ကိုလည်း အလုပ်လုပ်ခွင့် ရပ်ဆိုင်းထားပြီး ပြည်နှင် ဒဏ်ပေးထားသလို အိန္ဒိယနှင့် ကိုလံဘီယာနိုင်ငံသား ရွှေ့ပြောင်းများကိုလည်း အမေရိကန်စစ်လေယာဉ်များဖြင့် နေရပ်သို့ ပြန်လည် ပို့ဆောင်ခဲ့သည်။ 

အလားတူ မြန်မာနိုင်ငံသား ၇၀၀ နီးပါးကိုလည်း အမေရိကန် အစိုးရက နေရပ်ပြန်ပို့ရန် စာရင်းပြုစုထားကြောင်း ထုတ်ပြန်ထားသည်။