CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃
ချယ်လ်ဆီးအသင်း တိုက်စစ်မှူး ဂျက်ဆန်ဟာ တံကောက်ကြောဒဏ်ရာကြောင့် ၆ ပတ်ခန့် အနားယူရဖွယ် ရှိတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။
ဂျက်ဆန်ဟာ လွန်ခဲ့တဲ့ ၂ ပတ်က ဝက်စ်ဟမ်းအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး နည်းပြ မာရက်စ်ကာက ဆိုးဆိုးရွားရွား မဖြစ်ဖို့မျှော်လင့်ခဲ့တာပါ။
ဒါပေမယ့် ဂျက်ဆန်ရဲ့ ဒဏ်ရာအခြေအနေကို စကန်ဖတ် စစ်ဆေးမှုတွေ ပြုလုပ်အပြီးမှာ ထင်ထားတာထက် ပိုပြီးဆိုးရွားနေတာ ဖြစ်ပါတယ်။
အသက် ၂၃ နှစ်အရွယ်ရှိ ဆီနီဂေါတိုက်စစ်မှူးဟာ ဒီရာသီမှာ ချယ်လ်ဆီးအသင်းအတွက် ၉ ဂိုး သွင်းယူထားပြီး ၁၄ ဂိုး သွင်းယူထားတဲ့ ကိုးလ်ပါလ်မာပြီးရင် အသင်းရဲ့ဒုတိယမြောက် ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည် နေတာပါ။
ဂျက်ဆန်ဟာ ဒဏ်ရာကြောင့် မတ်လအကုန်ထိ ချယ်လ်ဆီးအသင်းအတွက် ပြန်ကစားနိုင်ဖွယ် မရှိဘူးလို့ သိရပါ တယ်။
ချယ်လ်ဆီးအသင်းကို တွေ့ရစဉ်
ဂျက်ဆန်အပြင် နောက်ထပ် တိုက်စစ်မှူး တစ်ဦးဖြစ်တဲ့ မာခ့်ဂီအူကလည်း ဝက်စ်ဟမ်းအသင်းနဲ့ပွဲစဉ်မှာ ပေါင်ခြံ ဒဏ်ရာရရှိခဲ့တာပါ။
အဲဒါကြောင့် ချယ်လ်ဆီးအသင်းဟာ လာမယ့်ပွဲတွေမှာ တိုက်စစ်ပိုင်း အခက်အခဲနဲ့ ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။
ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာဟာ ဘရိုက်တန်အသင်းကို အရေးနိမ့်ခဲ့တဲ့ FA ဖလားစတုတ္တအဆင့်မှာ ကိုးလ်ပါလ်မာနဲ့ အန်ကွန်ကူတို့ကို တိုက်စစ်ပိုင်းမှာထားပြီး အသုံးပြုသွားခဲ့တာပါ။
ဘရိုက်တန်အသင်းနဲ့ ထပ်ပြီးရင်ဆိုင်ရမယ့် လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မှာလည်း ချယ်လ်ဆီးအသင်းဟာ သူတို့နှစ်ဦးကိုပဲ တိုက်စစ်ပိုင်းမှာ ထပ်ပြီး အသုံးပြုသွားနိုင်ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ၂၄ ပွဲ ကစားအပြီးမှာ ရမှတ် ၄၃ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
Source: BBC