CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂
အာဆင်နယ်အသင်း ကွင်းလယ်တိုက်စစ်ကစားသမား ဟာဗက်ဇ်ဟာ ဒူဘိုင်းလေ့ကျင့်ရေး စခန်းမှာ တံကောက်ကြောဒဏ်ရာ ရရှိခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ FA ဖလားပြိုင်ပွဲကနေ ထွက်ခွာထားရပြီး ကြားရက်ထဲမှာလည်း ပွဲကစားရခြင်းမရှိလို့ ဒူဘိုင်းကို သွားရောက်ပြီး စခန်းသွင်း လေ့ကျင့်မှုတွေ ပြုလုပ်နေတာပါ။
ဒါပေမယ့် လေ့ကျင့်ခန်း အစီအစဉ်တစ်ခုမှာ ဟာဗက်ဇ် တံကောက်ကြောဒဏ်ရာ ရရှိခဲ့ပြီး အာဆင်နယ်အသင်း အတွက် ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်ခဲ့ပါတယ်။
ဟာဗက်ဇ်ရဲ့ ဒဏ်ရာ အခြေအနေ အတိအကျကို မသိရသေးပေမယ့် တံကောက်ကြော ဒဏ်ရာကြောင့် သူဟာ ပွဲအများအပြားကို လွဲချော်နိုင်တာပါ။
အာဆင်နယ်အသင်းဟာ တိုက်စစ် ကစားသမားတွေဖြစ်တဲ့ ဆာကာ၊ ဂျီးဆပ်စ်နဲ့ မာတင်နယ်လီတို့ကို ဒဏ်ရာကြောင့် အနားပေးထားရပါတယ်။
ပုံစာ- ဟာဗက်ဇ်ကို တွေ့ရစဉ်
ဟာဗက်ဇ်ရဲ့ ဒဏ်ရာကြောင့် အာဆင်နယ်အသင်းမှာ တိုက်စစ်မှူး နေရာအတွက် ကစားသမား မရှိတော့ဘဲ တောင်ပံကစားသမားတွေဖြစ်တဲ့ ထရော့ဆာ့ဒ်နဲ့ စတာလင်တို့ကိုသာ တိုက်စစ်မှူးအဖြစ် အသုံးပြုရဖို့ရှိနေတာပါ။
ဆာကာဟာ အာဆင်နယ်အသင်းရဲ့ ဒူဘိုင်း လေ့ကျင့်ရေးစခန်းကို လိုက်ပါခဲ့ပြီး အပေါ့စား လေ့ကျင့်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
ဆာကာဟာ မတ်လအစပိုင်းမှသာ အာဆင်နယ်အသင်းအတွက် ပြန်ပါဝင်ကစားနိုင်ဖို့ရှိနေတာပါ။
အာဆင်နယ်အသင်းဟာ ဒီရာသီမှာ ပြည်တွင်းဖလား ၂ ခုစလုံးကနေ ထွက်ခွာထားရပြီး ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အမှတ်ပေးဇယား အဆင့် ၂ နေရာ ရပ်တည်ကာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၁၆ သင်းအဆင့်ကို တက်ရောက်ထား ပါတယ်။
အာဆင်နယ်အသင်းဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဖေဖော်ဝါရီ ၁၅ ရက်မှာ လက်စတာအသင်း အိမ်ကွင်းသွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: metro