CNI News

၂၀၂၅ ခုနှစ်၊ ဇွန်လ ၄ 

ငလျင်ဘေးသင့်သွားသည့် ဒေသများက စီးပွားရေးလုပ်ငန်းများ ပြန်လည် လည်ပတ်နိုင်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပြန်လည်ရရှိရေး ဘယ်လိုဖြေရှင်းမလဲဆိုသည်ကို စဉ်းစား၍ အဖြေရှာသင့်သည်ဟု အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ(NDF)မှ ဒုဥက္ကဋ္ဌ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

စီးပွားရေး လုပ်ငန်းများ လည်ပတ်နိုင်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေးအတွက် နိုင်ငံတော်က ငွေကျပ် ဘီလီယံ ၇၀၀ ကို ချေးငွေထုတ်ပေးရန် လျာထားကြောင်း၊ ထိုနောက် မည်သည့်အတိုးနှုန်းဖြင့် ပေး၍ ရနိုင်မလဲ စဉ်းစား ညှိနှိုင်းရန် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်၊ မေလ ၃၀ ရက်က ပြောသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ကျနော် ၂၂၆ ဘီလီယံကို ထုတ်ပေးချင်ပါတယ်။ ဆီစက်တွေ အပါအဝင် စက်ရုံအလုပ်ရုံတွေ အားလုံးကို ကျနော် ဒီနိုင်ငံ့စီးပွားရေး မြှင့်တင်နိုင်ရေးနဲ့ပတ်သက်ပြီး ပေးချင်ပါ တယ်။ ဒါနဲ့ပတ်သက်လို့ ထည့်သွင်းဆွေးနွေးသွားကြဖို့ လည်း ပြောလိုပါတယ်။ ကျနော်တို့ ဒီလိုစီးပွားရေး မြှင့် တင်ဖို့ ကြိုစားရင် တစ်ဖက်က ဘာလဲဆို ကုန်ဈေးနှုန်း ကျဆင်းရေးကို သွားရပါမယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကုန်ဈေးနှုန်းတွေ တက်နေတယ်။ ဘာလို့တက်လဲဆိုရင် ဂျာအေးသူ့အမေရိုက်ပေါ့ဗျာ။ ကျနော် ၂၀၂၄ ခုနှစ်မှာ ဆန်ဈေးနှုန်းပတ်သက်ပြီး အကြောင်းအရာတစ်ခုမှာ ကျနော် ထည့်ပြောပါတယ်။ အဲဒါဘာလဲဆိုတော့ အရမ်းဆွဲ မတင်ပါနဲ့။ အရမ်းဆွဲတင်ရင် အဲအပေါ်မှာ ကာဗာဖြစ်အောင် တစ်ခုပြီးတစ်ခု လိုက်လာလိမ့်မယ်။ ကုန်ဈေးနှုန်း တစ်ခု တက်သွားပြီးဆိုရင် ပြန်ချဖို့ကမလွယ်ဘူး။ အဲဒါကြောင့် ကျနော်တို့က အရမ်းမတင်ဖို့ တာဝန်ရှိတဲ့ စီးပွားရေးနဲ့ပတ်သက်ပြီး လုပ်နေတဲ့ ပုဂ္ဂိုလ်တွေကို ကျနော်ပြောခဲ့ပါ တယ်”ဟု ပြောသည်။
၂၀၂၅ ခုနှစ်၊ မေလ ၃၀ ရက်က နေပြည်တော်မှာ ငလျင်အလွန် စီးပွားရေးပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူ ထောင်ရေး ဆွေးနွေးပွဲကို ကျင်းပခဲ့ကြသည်။

ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကို ဆွဲဆောင်ထားစဉ်

နေပြည်တော်မှာ ကျင်းပသည့် ဆွေးနွေးပွဲကို Myanmar Narrative(Think Tank)အဖွဲ့နှင့် ကုန်သည်ကြီးများ အသင်းချုပ်(UMFCCI)တို့ ပူးပေါင်း၍ လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ထိုဆွေးနွေးပွဲက ထွက်ပေါ်လာသော ဆွေးနွေး ချက်များကို နိုင်ငံတော်အစိုးရထံ တင်ပြကြမည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ(NDF)မှ ဒုဥက္ကဋ္ဌ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အခု အဓိက,က စီးပွားရေး လုပ်ငန်းတွေ ဘယ်လို ပြန်ထူထောင်မှာလဲဆိုပြီးတော့မှ နိုင်ငံတော်က ငွေကြေး တစ်စုံတရာ ထုတ်ချေးမယ်။ အဲအပေါ်မှာ တချို့ဟာတွေက Blank ဖြစ်သွားမလား၊ ချေးငွေဖြစ်သွား မလား ဒါတွေလည်း ဆွေးနွေးကြတာပါတယ်။ စီးပွားရေးလုပ်ငန်းကြီးတွေ ပြန်ထူထောင်ဖို့ဆိုတာ တကယ် လိုလည်းလိုအပ်တယ်။ နိုင်ငံတော်အစိုးရ ကူညီဆောင်ရွက် ပေးသင့်တယ်ဆိုတာလည်း မှန်တယ်။ ဒါမျိုး လုပ်တာ ကိုလည်း ကျေးဇူးအများကြီးတင်တယ်။ ဒါပေမဲ့ ပြဿနာက ဒီစီးပွားရေးလုပ်ငန်းမှာ လုပ်တဲ့သူ အားလုံးသည် စားဝတ်နေရေးတွေ၊ ဘာတွေညာတွေ အားလုံးကို အဆင်မပြေဘူး ဖြစ်နေတယ်။ လက်ရှိ တိုင်းပြည်မှာ ဖြစ်ပေါ် နေတဲ့ အခြေအနေအရ လူငယ်တွေ အများစုက တိုင်းပြည်ကနေ ထွက်ခွာနေတာပေါ့။ မထွက်ချင်လည်း ထွက်နေ ရတဲ့ အခြေအနေဖြစ်နေတဲ့ အခါကြတော့ ဒီမှာအလုပ်သမားရှားပါးမှု ပြဿနာတွေကလည်း အများကြီး ကြုံလာ တယ် အလုပ်သမား လူတန်းစားအတွက်ကို ဘာတွေ စဥ်းစားထားပေးသလဲဆိုတဲ့ဟာပါ စဥ်းစားထားနိုင်မှ သုံးနား ညီ ဖြစ်သွားမှာပေါ့”ဟု ပြောသည်။

ရထားလမ်းလုပ်သားများကိုတွေ့ရစဉ်

မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်က ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် နေပြည် တော်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးတို့မှာ လူပေါင်း ၆ သိန်းကျော် ငလျင်ဘေးသင့်ခဲ့သည်။

ထို့နောက် စီးပွားရေး လုပ်ငန်းများ ပြိုလဲသွားသလို နေစရာ အိမ်များလည်း ပျက်စီးသွားခဲ့ကာ ငလျင်ကယ်ဆယ် ရေးစခန်းများနှင့် နီးစပ်ရာ နေရာများတွင် နေထိုင်နေကြရသည်။

ထို့ကြောင့် ငလျင်ဘေးသင့် ဒေသများတွင် အလုပ်အကိုင် အခွင့်အလမ်းများ ဆုံးရှုံးနေသလို အငယ်စား အလတ်စား စီးပွားရေးလုပ်ငန်းများလည်း မစတင်နိုင်ဘဲဖြစ်နေကြောင်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများလည်း ရပ်တန့်သွားကာ ဒေသခံများ စားသောက်ရေး ခက်ခဲလာကြသည်။