CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၈
ဘိုင်ယန်မြူးနစ်အသင်းဟာ ဆိုစီဒက်အသင်းရဲ့ ဂျပန်ကွင်းလယ်လူ ကူဘိုကိုခေါ်ယူဖို့ ဆွေးနွေးခဲ့ပေမယ့် သူ့ကို ခေါ်ယူဖို့အတွက်ဆိုရင် စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း ၆၀ ပေးဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ကူဘိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ပရီးမီးယားလိဂ် ကလပ်အသင်းတွေကို အသာစီးရရှိအောင် ကြိုးပမ်းတဲ့အနေနဲ့ ကစားသမားကို တိုက်ရိုက် ဆက်သွယ်ပြီး ပထမဆုံးခြေလှမ်းကို စတင်ခဲ့တာပါ။
ဆိုစီဒက်အသင်းကတော့ ကူဘိုကို ထွက်ခွာခွင့်ပေးဖို့ အစီအစဉ် မရှိပေမယ့် သူနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ထဲ မှာပါဝင်တဲ့ စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း ၆၀ ပေးရင်တော့ လက်လွှတ်ရမှာဖြစ်ပါတယ်။
ဆိုစီဒက်အသင်းဟာ ကူဘိုကို ရောင်းချခဲ့ရင် ရရှိလာတဲ့ ပြောင်းရွှေ့ကြေးထဲက တစ်ဝက်ကို သူ့ရဲ့အသင်းဟောင်း ရီးရယ်လ်အသင်းထံ ပေးချေရမှာပါ။
ဒါအပြင် ကူဘိုဟာ ဆိုစီဒက်အသင်းမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတာကြောင့် နည်းပြသစ် ဆာဂျီယိုအတွက် သူ့ရဲ့နေရာမှာ အစားထိုးဖို့ ကစားသမားရှာဖွေရတာ ခက်ခဲနိုင်တာ ဖြစ်ပါတယ်။
အသက် ၂၄ နှစ်အရွယ်ရှိ ကူဘိုဟာ ဆိုစီဒက်အသင်းကို ၂၀၂၂ ခုနှစ်က ရောက်ရှိလာခဲ့တာဖြစ်ပြီး ၁၃၇ ပွဲ ပါဝင်ကစားထားတာမှာ ၂၃ ဂိုး သွင်းယူထားတာပါ။
ကူဘိုဟာ လက်ရှိအချိန်မှာ ဂျပန်လက်ရွေးစင်အသင်းနဲ့ ပူးပေါင်း လေ့ကျင့်နေပြီး ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ထားတဲ့ ဂျပန်အသင်းဟာ အင်ဒိုနီးရှားအသင်းနဲ့ ခြေစစ်ပွဲနောက်ဆုံးပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Goal