CNI International News
ဘေကျင်း၊ ဖေဖော်ဝါရီ ၇
တရုတ်နှင့်ထိုင်းအကြား ကမ္ဘာလုံးဆိုင်ရာ မရေရာမှုများကို တိုက်ဖျက်ရာတွင် ပူးပေါင်းဆောင်ရွက်မှုအား မြှင့်တင် မည်ဟု တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping)က ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ရှီကျင့်ဖျင်သည် ဖေဖော်ဝါရီ ၆ ရက် ဘေကျင်းမြို့တော်တွင် ထိုင်းဝန်ကြီးချုပ် ပေတုန်တန်(Paetongtarn Shinawatra) နှင့် တွေ့ဆုံချိန်၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ပေတုန်တန်သည် ဝန်ကြီးချုပ်အဖြစ် စတင် တာဝန်ထမ်းဆောင်သည့် သြဂုတ်လကတည်းက ပထမဆုံးအကြိမ် အဖြစ် တရုတ်နိုင်ငံသို့ ဖေဖော်ဝါရီ ၅ ရက်မှ ဖေဖော်ဝါရီ ၈ ရက်အထိ နိုင်ငံတော်ခရီးစဉ်အဖြစ် သွားရောက်ခဲ့ခြင်း ဖြစ်သည်။
ထိုခရီးစဉ်သည် တရုတ်နှင့်ထိုင်းအကြား သံတမန်ဆက်ဆံရေး ထူထောင်သည့် နှစ်ပေါင်း ၅၀ ပြည့် အထိမ်းအမှတ် ဖြစ်သည်။
ထိုင်းဝန်ကြီးချုပ်ပေတုန်တန်ကို တွေ့ရစဉ်
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကူမင်း (Kunming) မြို့နှင့် ထိုင်းနိုင်ငံ ဘန်ကောက်( Bangkok) မြို့တော်သို့ ဆက်သွယ်မည့် အမြန်ရထားလမ်း ဖောက်လုပ်ရေးကဲ့သို့ စီမံကိန်းများ၊ ဒစ်ဂျစ်တယ် စီးပွားရေးနှင့် လျှပ်စစ်ကား များ ထုတ်လုပ်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ရန် ရှီက ပြောကြားခဲ့သည်။
“နှစ်ပေါင်း ၁၀၀ အတွင်းမှာ မမြင်ခဲ့ရဖူးတဲ့ မကြုံစဖူး ပြောင်းလဲမှုတွေကို ရင်ဆိုင်ရာမှာ တရုတ်နဲ့ ထိုင်းဟာ အပြန်အလှန် ခိုင်မာစွာ ထောက်ပံ့ပေးပြီး မဟာဗျူဟာမြောက် အကျိုးစီးပွားတွေအတွက် အပြန်အလှန် ယုံကြည်မှုကို မြှင့်တင်သင့်ပါတယ်”ဟု ရှီက ပြောကြားခဲ့ကြောင်း တရုတ်နိုင်ငံပိုင် CCTV ရုပ်သံက ထုတ်လွှင့် ခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က တရုတ်မှ အမေရိကန်သို့ တင်ပို့သည့် ကုန်စည်များ အပေါ် အခွန် ၁၀ ရာခိုင်နှုန်း ထပ်မံတိုးမြှင့် ကောက်ခံမည်ဟု ကြေညာခဲ့ပြီးနောက် ရှီ၏ အဆိုပါ မှတ်ချက်စကား ထွက်ပေါ်လာခြင်းဖြစ်သည်။
ကျားဖြန့်လုပ်ငန်းများနှင့် ခရီးသွားများ ဘေးကင်းလုံခြုံရေး ကိစ္စသည်လည်း ထိုင်းနှင့် တရုတ်အကြား အဓိကထား ဖြေရှင်းရမည့် ကိစ္စရပ်များဖြစ်သည်။
ထိုင်းဝန်ကြီးချုပ်ပေတုန်တန်နဲ့ တရုတ်သမ္မတရှီကျင့်ဖျင်ကို တွေ့ရစဉ်
ထိုကျားဖြန့်လုပ်ငန်းများနှင့် လူမှောင်ခိုကူးမှုတို့ကြောင့် တရုတ်ခရီးသွားများအကြား စိုးရိမ်မှုများ မြင့်တက်နေ သဖြင့် ထိုင်းနိုင်ငံ၏ ခရီးသွားကဏ္ဍကို ထိခိုက်စေမည့်အရေးကို ထိုင်းအစိုးရက စိုးရိမ်လျက်ရှိသည်။
“ထိုင်းကို လာလည်တဲ့ ခရီးသွားတွေရဲ့ လုံခြုံရေးက ထိုင်းအစိုးရရဲ့ အရေးအကြီးဆုံး ဦးစားပေးကိစ္စ ဖြစ်ပါတယ်” ဟု ပေတုန်တန်က ပြောကြားခဲ့ပြီး ထိုင်းနှင့်တရုတ် ပူးပေါင်းပြီး ရာဇဝတ်မှုများကို တိုက်ဖျက်သွားမည်ဟု ကတိပြုခဲ့သည်။
“ထိုင်းနိုင်ငံထဲမှာ ဖြစ်ပွားနေတဲ့ ရာဇဝတ်မှုဆိုင်ရာ လှုပ်ရှားမှုတွေကို တိုက်ဖျက်နှိမ်နင်းဖို့အတွက် တရုတ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ပါပဲ”ဟု ပေတုန်တန်က ပြောကြားခဲ့သည်။
Source: ရိုက်တာ