CNI International News
ဘန်ကောက်၊ ဖေဖော်ဝါရီ ၈
ထိုင်းနိုင်ငံသည် 14K ဟု လူသိများသည့် တရုတ်လူမျိုးပိုင်ဆိုင်သည့် ရာဇဝတ်ဂိုဏ်းကို ပစ်မှတ်ထားပြီး ဖေဖော်ဝါရီ ၄ ရက်က မြန်မာနယ်စပ်ဒေသများအား လျှပ်စစ်ဓာတ်အားများ ဖြတ်တောက်ခဲ့သည်ဟု The Nation မှ ဖော်ပြခဲ့ သည်။
ထိုဂိုဏ်းသည် အမေရိကန်နှင့် ဗြိတိန်တို့၏ အမည်ပျက်စာရင်း အသွင်းခံထားရသည့်တိုင် ထိုင်းနိုင်ငံအတွင်းနှင့် မြန်မာနယ်စပ်တွင် စီးပွားရေးလုပ်ငန်းများထူထောင်ပြီး လည်ပတ်နိုင်ခဲ့သည်။
ထိုဂိုဏ်း၏ အကြီးဆုံးပရောဂျက်မှာ ရွှေကုက္ကိုလ်ဟု ယူဆရပြီး ဟောင်ကောင်အခြေစိုက်ကုမ္ပဏီ တစ်ခုဖြစ်သည့် Yatai International Holding Group (Yatai IHG) က တည်ထောင်ခဲ့သည့် မြို့သစ်တစ်ခုဖြစ်သည်။
Yatai IHG ကို လက်ရှိ ဘန်ကောက်တွင် အကျဉ်းချ ခံထားရသည့် ရှီကျီကျန်း(She Zhijiang) ဆိုသူက ပိုင်ဆိုင် သည်။
သူသည် ကျားဖြန့်လုပ်ငန်းများ၊ တရားမဝင် အွန်လုင်းလောင်းကစားလုပ်ငန်းများ ငွေကြေးခဝါချမှုနှင့် လူမှောင်ခို ကူးမှုတို့ တွင်ကျယ်နေသည့် ရွှေကုက္ကိုလ်မြို့အား နှိမ်နင်းနေသော တရုတ်နိုင်ငံထံသို့ လွှဲပြောင်းအပ်နှံခံရမည့် အချိန်ကို စောင့်ဆိုင်းနေသူဖြစ်သည်။
Yatai IHG သည် ရွှေကုက္ကိုလ် အထူးစီးပွားရေးဇုန်ကို ဒေါ်လာ ၁၅ ဘီလျံ ရင်းနှီးမြှုပ်နှံမှုနှင့်အတူ ၂ဝ၁၈ ခုနှစ်က ထူထောင်ခဲ့ခြင်းဖြစ်သည်။
ရွှေကုက္ကိုလ်မြို့ကို တွေ့ရစဉ်
ရှီကျီကျန်းကို ၁၉၈၂ ခုနှစ်တွင် တရုတ်နိုင်ငံ၊ ဟူနန် (Hunan)ပြည်နယ်၊ ရှန်တုံ (Shaodong) မြို့တွင် မွေးဖွားခဲ့ခြင်း ဖြစ်ပြီး အသက် ၂ဝ အရွယ်တွင် ဖိလစ်ပိုင်သို့ ပြောင်းရွှေ့ကာ လောင်းကစားလုပ်ငန်းတစ်ခု ထူထောင်ခဲ့သည်။
၂ဝ၁၅ ခုနှစ်တွင် ရှီကျီကျန်းသည် ၎င်း၏ အွန်လိုင်း လောင်းကစားလုပ်ငန်းကို ချဲ့ထွင်ခဲ့ပြီး ကမ္ဘောဒီးယား၊ မြန်မာ နှင့် ထိုင်းနိုင်ငံတို့တွင် ထူထောင်ခဲ့သည်။
၂ဝ၁၇ ခုနှစ်တွင် သူသည် ကမ္ဘောဒီးယားနိုင်ငံသား ခံယူခဲ့ပြီး ၎င်း၏အမည်ကို ရှီ ကရင် ခိုင်း (She Krieng Khai ) ဟု ပြောင်းလဲခဲ့ကာ ဟောင်ကောင်တွင် Yatai IHG ကုမ္ပဏီအား မှတ်ပုံတင်ခဲ့သည်။
၂ဝ၁၉ ခုနှစ်တွင် ကမ္ဘောဒီးယားအစိုးရက အွန်လိုင်းလောင်းကစားလုပ်ငန်းများ၊ ကျားဖြန့် လုပ်ငန်းများနှင့် ကာစီနိုရုံ များကို နှိမ်နင်းခဲ့သဖြင့် တရုတ်ဒုစရိုက်ဂိုဏ်းများသည် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများကို မြန်မာနိုင်ငံအတွင်း ပြောင်းလဲလှုပ်ရှားခဲ့ကြသည်။
ထို့နောက် ရှီသည် 14K ဂိုဏ်းနှင့် အဆက်အသွယ်ရှိခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်ခဲ့ကာ ၂ဝ၂၂ ခုနှစ်၊ သြဂုတ် ၁၂ ရက်တွင် နိုင်ငံတကာရဲတပ်ဖွဲ့၏ အနီရောင်ကြေညာချက်ဖြင့် ထိုင်းနိုင်ငံ၌ ဖမ်းဆီခံခဲ့ရသည်။
သူသည် လက်ရှိတွင် ဘန်ကောက်မြို့တော်ရှိ Klong Prem Central အကျဉ်းထောင်၌ အကျဉ်းချခံထားရသည်။
Source: The Nation