CNI International News
ဘန်ကောက်၊ ဇန်နဝါရီ ၂၀
မြန်မာနိုင်ငံမှတဆင့် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်ခဲ့သည့် အင်ဒိုနီးရှားနိုင်ငံသား ၃၂ ဦး (အမျိုးသား ၃၀ ၊ အမျိုးသမီး ၂ ဦး) ကို ထိုင်းရဲတပ်ဖွဲ့က မဲဆောက် (Mae Sot) တွင် ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးမေးမြန်းရန် ထိန်းသိမ်းထားကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
သတင်းရင်းမြစ်များအရ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို ဇန်နဝါရီ ၁၈ ရက် ညပိုင်းက ထိုင်းနယ်စပ်ရှိ ဝန်တာခီယန် (Wang Ta Khian) ကျေးရွာတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုအင်ဒိုနီးရှား နိုင်ငံသားများက ၎င်းတို့သည် ၎င်းတို့ အလုပ်လုပ်ကိုင်ခဲ့သည့် မြန်မာနိုင်ငံ၏ မြဝတီမြို့မှ ထွက်ပြေး လာခဲ့ခြင်းဖြစ်ကြောင်း ဖမ်းဆီးခံရချိန်တွင် နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင်များကို ပြောကြားခဲ့သည်။
၎င်းတို့သည် မြဝတီကို ပြန်သွားပြီး အလုပ်မလုပ်ချင်တော့ဘဲ အင်ဒိုနီးရှားနိုင်ငံကိုသာ ပြန်ချင်နေကြောင်း ပြောကြားခဲ့သည်။
ထိုင်းက ဖမ်းထားတဲ့ အင်ဒိုနီးရှားနိုင်ငံသား ၃၂ ဦးကို တွေ့ရစဉ်
အင်ဒိုနီးရှားနိုင်ငံသား အားလုံးကို တရားရေးဆိုင်ရာ အရေးယူမှု မပြုလုပ်မီ စစ်ဆေးမေးမြန်းရန် မဲဆောက် ရဲစခန်းတွင် ထိန်းသိမ်းထားသည်။
ထိုင်း-မြန်မာ နယ်စပ်အနီးတွင် အွန်လိုင်းငွေလိမ်ဂိုဏ်းများ၏ လူမှောင်ခိုကူးမှု ဖြစ်စဉ်များ မြင့်တက်လာသဖြင့် နယ်စပ်ဒေသ၌ ကင်းလှည့်မှုများကို တိုးမြှင့်ထားသည်။
ကျားဖြန့်ဟု လူသိများသည့် အွန်လိုင်းငွေလိမ်ဂိုဏ်းများ၏ လိမ်ညာခေါ်ယူမှုကို ခံရသူများသည် ထိုင်းနယ်စပ်က တစ်ဆင့် ၎င်းတို့၏ သက်ဆိုင်ရာ နိုင်ငံများသို့ ပြန်ရန် ကြိုးပမ်းခဲ့ကြသည်။
Source: ဘန်ကောက်ပို့စ်