CNI International News

ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၁

ထိုင်း-မြန်မာနယ်စပ်ရှိ ကျားဖြန့်စင်တာများကို နှိမ်နင်းရာတွင် ကူညီပေးရန် မြန်မာနိုင်ငံရှိ အဖွဲ့အစည်းများအား ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်(Thaksin Shinawatra) က တိုက်တွန်းခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့ သည်။

ထိုကျားဖြန့်စင်တာများကို နှိမ်နင်းပြီးချိန်တွင် ထိုင်းက မြန်မာနယ်စပ် ဒေသများသို့ လျှပ်စစ်ဓာတ်အားများနှင့် အင်တာနက်လိုင်းများ ပြန်လည်ထောက်ပံ့ပေးမည်ဟုလည်း သက်ဆင်က ပြောသည်။

မြန်မာနိုင်ငံသည် လက်နက်ကိုင်ပဋိပက္ခ၊ လူမျိုးစု ပဋိပက္ခများနှင့် ရင်ဆိုင်နေရပြီး လက်နက်ကိုင်အဖွဲ့အချို့သည် ကျားဖြန့်စင်တာများနှင့် မူးယစ်ဆေးဝါး မှောင်ခိုကူးမှုများမှ ရန်ပုံငွေများ ရရှိနေကြောင်း သက်ဆင်က ပြောသည်။

“အမြစ်ပြတ် မချေမှုန်းနိုင်မခြင်း ဒီပြဿနာက ပြီးဆုံးသွားမှာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံက အဖွဲ့အစည်းတွေ အနေနဲ့လည်း ကျားဖြန့်ဂိုဏ်းတွေကို ထောက်ပံ့မပေးသင့်ဘူးဆိုတာ နားလည်ရပါမယ်”ဟု သက်ဆင်က ပြောကြား ခဲ့သည်။

 မြန်မာက ဖမ်းဆီးထားတဲ့ ကျားဖြန့်ဂိုဏ်းကိုတွေ့ရစဉ်

“အဲဒီ ကျားဖြန့်တွေကို အမြစ်ပြတ် ချေမှုန်းလိုက်မယ်ဆိုရင် ကျနော်တို့ကလည်း မြန်မာနိုင်ငံကို လျှပ်စစ်ဓာတ်အား နဲ့ အင်တာနက်တွေ ပြန်လည်ထောက်ပံ့ပေးသွားမှာပါ”ဟု သမီးဖြစ်သူ ဝန်ကြီးချုပ် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) ဦးဆောင်သည့် အာဏာရဖြူးထိုင်းပါတီကို နောက်ကွယ်မှ ကြိုးကိုင်နေသည်ဟု ယူဆခံထားရသော သက်ဆင်က ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံမှ လျှပ်စစ်ဓာတ်အား ဖြတ်တောက်မှုကြောင့် မြန်မာနိုင်ငံသည် လာအိုနိုင်ငံထံမှ လျှပ်စစ်ဓာတ်အားများ ဝယ်ယူရန် ပြင်ဆင်နေသည်။

သက်ဆင်ကမူ မြန်မာသို့ လောင်စာဆီ ထောက်ပံ့မှု ဆိုင်းငံ့ခြင်းသည် မီးစက်များတွင် အသုံးပြုပြီး လျှပ်စစ် ဓာတ်အား ရယူမည့်အရေးကို တားဆီးရန်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ထို့ပြင် ထိုင်း၏ ဆာ ကေအို (Sa Kaeo) ပြည်နယ်နှင့် နယ်စပ်ချင်း ထိစပ်နေသည့် ကမ္ဘောဒီးယား၏ ပွိုင်ပက် (Poipet) မြို့ရှိ အဆောက်အအုံတစ်ခု၏ ၂၅ ထပ်တွင် ကျားဖြန့်စင်တာရှိကြောင်း သတင်းရရှိထားသည်ဟု သက်ဆင်က ပြောကြားခဲ့သည်။

“ကျနော်တို့အနေနဲ့ ကမ္ဘောဒီးယားနဲ့ ပူးပေါင်းဆောင်ရွက်ရပါမယ်။ အဲဒီအဆောက်အအုံ ပိုင်ရှင်က ဘယ်သူလဲဆို တာ ကျနော်တို့ သိပါတယ်။ သူက ထိုင်းနိုင်ငံသား ခံယူထားပါတယ်။ အချိန်တန်ရင်တော့ သူ့ရဲ့ ထိုင်းနိုင်ငံသား ခံယူမှုကို ရုပ်သိမ်းသွားမှာပါ”ဟု သက်ဆင်က ပြောကြားခဲ့သည်။

Source: ဘန်ကောက်ပို့စ်