CNI International News
ဟောင်ကောင်၊ ဖေဖော်ဝါရီ ၁၁
တရုတ်၏ နျူကလီးယား ရေငုပ်သင်္ဘောသည် တောင်တရုတ်ပင်လယ်တွင် ဘုရင်ဖြစ်လာသည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။
တရုတ်စစ်တပ်ကို ကမ္ဘာ့အင်အား အကြီးဆုံးစစ်တပ်အဖြစ် ထူထောင်လိုသည့် တရုတ်သမ္မတ ရှီကျင့်ဖျင် ( Xi Jinping) ၏ အစီအစဉ်များအရ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)သည် ဆယ်စုနှစ်တစ်စုနီးပါး အတွင်း စစ်အင်အားကို မြှင့်တင်ခဲ့သည်။
တရုတ်၏ လက်နက်စနစ်များကို အမျိုးအစားအလိုက် စောင့်ကြည့်သင့်သလို တရုတ်ရေတပ်၏ ရေငုပ်သင်္ဘောများ ဖွံ့ဖြိုးတိုးတက်လာမှုကိုလည်း စောင့်ကြည့်ရမည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
တရုတ်သည် တောင်တရုတ်ပင်လယ်ပြင်၏ ရေအောက်ဘက်တွင် လက်နက်အပြည့်အဝ တပ်ဆင်ထားသည့် ရေငုပ်သင်္ဘောများဖြင့် လှုပ်ရှားမောင်းနှင်လျက်ရှိသည်။
ထိုရေငုပ်သင်္ဘောများ၏ အထူးတာဝန်မှာ အမေရိကန် အပါအဝင် တရုတ်၏ ဖြစ်လာနိုင်ခြေရှိသည့် ရန်သူများ၏ နျူကလီးယား ရန်စမှုများကို ဖြေရှင်းရန်နှင့် တရုတ်အား ရန်စပါက နောက်ဆက်တွဲ ဆိုးကျိုးများနှင့် ရင်ဆိုင်ရမည် ကို ပြသရန်ဖြစ်သည်။
တရုတ်ရေငုပ်သင်္ဘော ဒီဇိုင်းကို တွေ့ရစဉ်
Type 094 နျူကလီးယား ပဲ့ထိန်းဒုံးကျည်တပ် ရေငုပ်သင်္ဘောသည် တရုတ်၏ ကြီးမားသည့် အောင်မြင်မှုတစ်ခု ဖြစ်ပြီး အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနကမူ ထိုရေငုပ်သင်္ဘောသည် တရုတ်၏ ပထမဆုံး ပင်လယ်ပြင် အခြေစိုက် နျူကလီးယား အခြိမ်းအခြောက် အဟန့်အတား (sea-based nuclear deterrent) ဖြစ်သည်ဟု သုံးနှုန်းဖော်ပြခဲ့သည်။
တရုတ်သည် JL-2 ဒုံးကျည်များနှင့် JL-3 ဒုံးကျည်များ ပစ်လွှတ်နိုင်သည့် Type 094 နျူကလီးယား ပဲ့ထိန်းဒုံးကျည် တပ် ရေငုပ်သင်္ဘော ခြောက်စင်းဖြင့် လည်ပတ်နေသည်။
ထိုဒုံးကျည်များသည် တရုတ်၏ ကမ်းရိုးတန်းမှ ပစ်လွှတ်မည်ဆိုပါက အမေရိကန်၏ နယ်နိမိတ်အထိ ရောက်ရှိနိုင် သည်ဟုဆိုသည်။
ထို့ကြောင့် အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များက ပိုင်ဆိုင်မှု အငြင်းပွားနေသည့် တောင်တရုတ်ပင်လယ်အတွင်း ကင်းလှည့်နေသည့် ထိုရေငုပ်သင်္ဘောများကို အနီးကပ်စောင့်ကြည့်နေသည်။
ပြီးခဲ့သည့်နှစ် ဇွန်လအတွင်းကလည်း Type 094 ဟု ယူဆရသည့် တရုတ်ရေငုပ်သင်္ဘော တစ်စင်းသည် ထိုင်ဝမ် ရေလက်ကြားတွင် ရေမျက်နှာပြင်ပေါ်သို့ ထွက်ပေါ်လာခဲ့သဖြင့် မီဒီယာများ၌ ခေါင်းကြီးပိုင်းသတင်းများ ဖြစ်ခဲ့သည်။
Source: South China Morning Post