CNI News

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်အနေဖြင့် မြန်မာပြည်လာမည်ဟု သတင်းများ ထွက်ပေါ်နေပြီးနောက် သက်ဆင်က မြန်မာနိုင်ငံ၏ ထွက်ပေါက်ကို ရှာပေးနိုင်လားဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များကြား သုံးသပ်လျက်ရှိသည်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ဖြစ်သည့် မစ္စတာ အော်မန်ဟာရှင်၏ နေပြည်တော်ခရီးစဥ် အပြီးတွင် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် မြန်မာပြည်သို့ မကြာခင် လာရောက်ရန် ရှိသည်ဟု  သတင်း များ ထွက်ပေါ်နေသည်။

သက်ဆင် ကြားဝင်ခြင်းကို နေပြည်တော်မှ လက်ခံပါက ဆွေးနွေးညှိနှိုင်းပွဲတစ်ရပ် ဖြစ်လာနိုင်ကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO-NCA/S)မှဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။ 

၎င်းက “အဓိကက ဗမာဘက်က နေပြည်တော်ဘက်က လက်ခံသလား လက်မခံဘူးလား ကြည့်ရမှာဗျ၊ နေပြည်တော်ဘက်က လက်ခံတွေ့ဆုံဖို့ သဘောတူလိုက်ပြီ ဆိုရင်တော့ သက်ဆင်ကတော့ မလေးရှား အမာ လမ်းကြောင်း မဟုတ်၊ ထိုင်းနယ်စပ်မှာ သူ့သမီးလုပ်နေတဲ့ အမာလိုင်းလည်း မဟုတ်ဘဲနဲ့ တစ်မျိုးတစ်ဖုံပေါ့လေ၊ ဝင်ပြီးတော့ ကြားလိုင်းတစ်ခုခု တွန်းတင်နိုင်တဲ့ သ‌ဘောရှိတယ်ဗျ၊ ကျနော် အဲဒီလိုမြင်တယ်၊ သက်ဆင် ကြားဝင် တာကို အကယ်၍ နေပြည်တော်က လက်ခံတယ်ဆိုရင် အနည်းဆုံးတော့ အားလုံးမပါတာတောင်မှ ရာခိုင်နှုန်း ၆၀၊ ၇၀ လောက်ပါတဲ့ ဆွေးနွေးညှိနှိုင်းပွဲ တစ်ရပ်တော့ ဖြစ်လာနိုင်တယ်ဗျ၊ နိုင်ငံရေးဆွေးနွေးပွဲတစ်ရပ် သက်ဆင် ကြားဝင်ပြီးတော့ ဖြစ်လာတယ်ဆိုရင် အားလုံးက ဘယ်သူမှ မျက်နှာမပျက်ဘဲနဲ့ ဘယ်သူမှလည်း သိက္ခာမကျဘဲနဲ့ ဝင်ထိုင်နေတဲ့ ပွဲတစ်ပွဲတော့ ဖြစ်လာနိုင်တယ်၊ အဲဒီပွဲဖြစ်လာမယ်ဆိုရင် နေပြည်တော်ကလည်း ဘာမှကြီးကြီး ကျယ်ကျယ် မလျော့ဘဲနဲ့ ရမယ်၊ အကြီးဆုံးအမြတ်ကတော့ ရွေးကောက်ပွဲကို သိပ်ပြီး‌တော့ အနှောင့်အယှက် နည်းနည်းနဲ့ လုပ်သွားနိုင်တဲ့ အခင်းအကျင်း ဖြစ်လာနိုင်တယ်” ဟု ပြောသည်။  

သက်ဆင်နဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို တွေ့ရစဉ်

အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်ဝါနှင့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်တို့သည် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက်က တွေ့ဆုံ၍ မြန်မာ့အရေးကို ဆွေးနွေးခဲ့ကသည်။

အကယ်၍ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် မြန်မာပြည်အား ခရီးစဥ်လာပါက အားလုံးစေ့စပ်ဆွေးနွေးရေး စားပွဲကို ရောက်လာရန် လာရောက်စီစဥ်ခြင်း ဖြစ်နိုင်ကြောင်း တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ထိုင်းကတော့ ဘာမှထုတ်ပြောသံ မကြားဘူးဗျ၊ တရုတ်ကတော့ တစ်နေ့က သတင်းစာရှင်းလင်းပွဲမှာ လီကျန်းက အဲလိုပြောသွားတာတော့ ဗမာပြည်မှာ ဘက်အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲ ဖြစ်လာပြီးတော့ အားလုံး ညီညီညွတ်ညွတ် ဆွေးနွေးအဖြေရှာဖို့ သူတို့ကြိုးစားနေပါတယ်လို့ ပြောသွားတာပဲ၊ အဲတော့ ခုထိုင်းဝန်ကြီးချုပ်လည်း လာသွားတာ ဖြစ်တာကိုးနော်၊ အဲလာသွားတုန်းကလည်း သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့တုန်းက ဗမာပြည်အရေး ဆွေးနွေးတယ်လို့ ပြောတာကိုး၊ အားလုံးစေ့စပ်ဆွေးနွေးပွဲ စားပွဲကို ‌‌ရောက်လာဖို့ လာပြီးနားချတာပဲထင်တယ်၊ လာပြီးစီစဥ်တာ ဆွေးနွေးတာ ဒါတွေပဲထင်တယ်၊ သက်ဆင်က ဒီလိုလေ ဒီစစ်တပ် နဲ့က တောက်လျှောက် ဦးသိန်းစိန်တို့ခေတ်တို့ ဘာတို့ထဲက တော်တော် ရင်းနှီးတယ်ဗျ၊ ဦးသန်းရွှေတို့၊ ဦးသိန်းစိန် တို့နဲ့ဆိုတော့ အဲဒီက အဆက်ပဲလေ၊ ဒါကြောင့်မို့လို့ သူက မျက်နှာ ရင်းနှီးပြီးသားဖြစ်တော့ အဲဒါလာဆွေးနွေးဖို့ လာတယ်ထင်တယ်၊ မလေးရှားဝန်ကြီးချုပ် အန်ဝါကလည်း သူက ဒီနှစ်သူတို့က အာဆီယံဥက္ကဋ္ဌဖြစ်တာကိုး၊ အဲတော့ သူတရုတ်ပြည် လာတုန်းကလည်း သူသမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့တုန်းက သူအာဆီယံ ဥက္ကဋ္ဌဖြစ်တဲ့အခါမှာ ဗမာပြည်အရေးကို အတတ်နိုင်ဆုံး အမြန်ဆုံးပြီး‌အောင် ကြိုးစားပါ့မယ်လို့ ပြောသွားတာ ကြားဖူးတယ်ဗျ၊ အဲဒါကြောင့်မို့လို့ သူတို့ဘက်စုံကနေ တွန်းနေတယ် ထင်တယ်လေ စစ်ကောင်စီကို တစ်စုံတစ်ရာ အလျော့ပေးပြီး တော့ စေ့စပ်ဆွေးနွေး အဖြေရှာဖို့ အဲလိုလုပ်နေတယ်ထင်တယ် ကြည့်ရတာ” ဟု ပြောသည်။ 

 သက်ဆင်နဲ့ မလေးရှားဝန်ကြီးချုပ် အန်ဝါကို တွေ့ရစဉ်

အန်ဝါက အာဆီယံအရေးကိစ္စများတွင် မလေးရှားအား အကူအညီပေးရန် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို သူ၏အကြံ‌‌ပေးအဖြစ် ခန့်အပ်ကြောင်း ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၆ ရက်၌ ထိုင်းဝန်ကြီးချုပ် ပေတုန်တန် နှင့်အတူ ပြုလုပ်ခဲ့သည့် ပူးတွဲသတင်းစာ ရှင်းလင်းပွဲ၌ ကြေညာခဲ့သည်။

မလေးရှားဝန်ကြီးချုပ် အန်ဝါနှင့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်တို့၏ တွေ့ဆုံမှုသည် အာဆီယံအတွက် အကျိုးများစေပြီး မြန်မာ့အ‌ရေးကို အဓိက ဆွေးနွေးခဲ့ကြကြောင်း ထိုင်းဝန်ကြီးချုပ် ပေတုန်တန်က ပြောကြားခဲ့ သည်။

ထို့ပြင် အာဆီယံအနေဖြင့် မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းအောင် ဆောင်ရွက်ပေးရန် ကတိရှိနေပြီး မြန်မာနိုင်ငံ ဘက်မှလည်း ငြိမ်းချမ်းရေးအား လိုလားကြောင်း ထိုင်းဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

လက်ရှိမြန်မာနိုင်ငံ တစ်ဝှမ်းတွင် လက်နက်ကိုင် ပဋိပက္ခများ ပြင်းထန်နေပြီး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေရသူ ၃ သန်းခွဲကျော် ရှိနေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(UNOCHA) က ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။