CNI News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၀
အိမ်နီးချင်းနိုင်ငံများ၌ လူပြောများလျက်ရှိနေသည့် နယ်စပ်ဒေသမှ ကျားဖြန့်ပြဿနာသည် အားလုံးထင်မြင်နေ သည်ထက် ပိုမို ကြီးမားနက်ရှိုင်းသောကြောင့် တစ်နိုင်ငံတည်း ဖြေရှင်းရန်မှာ မလွယ်ကူကြောင်း NCA ထိုးထား သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO-NCA/S)မှဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ထိုင်းသို့ခရီးထွက်လာသည့် တရုတ်နိုင်ငံမှ ရုပ်ရှင်သရုပ်ဆောင်တစ်ဦး လူကုန်ကူး ခံရပြီးနောက်ပိုင်း ထိုင်း-မြန်မာနယ်စပ်မှ ကျားဖြန့်ကိစ္စသည် အိမ်နီးချင်းနိုင်ငံများသာမက နိုင်ငံတကာများ အကြား ပိုမိုလူပြောများလာခဲ့ခြင်းဖြစ်သည်။
ဗိုလ်မှူးကြီးခွန်ဥက္ကာက “ကျားဖြန့်က ကျနော်တို့ ထင်တာထက် မြင်တာထက် ပိုပြီးတော့ကြီးတယ်။ ပိုပြီးနက်ရှိုင်း တယ်။ ကျားဖြန့်မှာ ပါဝင်ပတ်သက်မှုတွေက ထင်တာထက် ပိုရှုပ်ထွေးတယ်။ ဒါကြောင့် ဖြေရှင်းတဲ့နေရာမှာ တစ်ထောင့်တစ်နေရာ တစ်ဖက် တစ်ဖွဲ့ကောင်းတော့ မလွယ်ဘူး။ အားလုံးဘက်စုံ စုပေါင်းပြီးတော့ ဖြေရှင်းမှ နိုင်ငံစုံဘက်စုံ ပတ်သက်ရာ ပတ်သက်ကြောင်း အားလုံး စုပေါင်းဖြေရှင်းမှ ရနိုင်မယ့်သဘောလို့ မှတ်ချက်ပြု ချင်ပါတယ်။ မလွယ်ဘူး အားလုံးပတ်သက်နေတယ် တော်တော်လေး ရှုပ်ထွေးနေတဲ့ ကိစ္စပါ” ဟု CNI သတင်းဌာန သို့ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၆ ရက်နှင့် ၁၇ ရက်တုန်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြုလုပ်ခဲ့သည့် အာဆီယံ ဒီဂျစ်တယ် ဝန်ကြီးများ အစည်းအဝေးအပြီး ဒစ်ဂျစ်တယ်နှင့်ဆက်သွယ်ရေးနည်းပညာ ချန်နယ်များကိုသုံးပြီး အွန်လိုင်းလိမ်လည်မှုများ လုပ်နေကြသည့် ကျားဖြန့်လုပ်ငန်းများကို အာဆီယံနိုင်ငံများ ပူးပေါင်းနှိမ်နင်းမည်ဟု ပူးတွဲကြေညာစာတမ်း ထွက်လာခဲ့သည်။
တရုတ်ကို ကျားဖြန့်တွေလွှဲပေးနေစဉ်
ထိုအစည်းအဝေးသို့ နစက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးလည်း တက်ရောက် ခဲ့သည်။
အာဆီယံနိုင်ငံများတွင် အွန်လိုင်းလိမ်လည်မှု ပိုများလာမှုကြောင့် ထိုလုပ်ငန်းများ နှိမ်နင်းတိုက်ဖျက်ရေးအတွက် ပိုပြီးပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်ထားသည်။
ကရင်ပြည်နယ်၊ မြဝတီအခြေစိုက် တရုတ်ကျားဖြန့် အွန်လိုင်းငွေကြေး လိမ်လည်သည့် လုပ်ငန်းများမှာ စေခိုင်းရန် တရုတ်ရုပ်ရှင် သရုပ်ဆောင်တစ်ဦး လူကုန်ကူးခံရပြီး ပြန်လည်လွတ်မြောက်လာပြီးနောက် ကျားဖြန့်ဂိုဏ်းများအား အစွမ်းကုန်ချေမှုန်းရေး တရုတ်အစိုးရက ကြိုးပမ်းနေကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြထားသည်။
ကျားဖြန့်သည် နိုင်ငံတကာ၌ ယခင်ကတည်းက ကျင်လည်လုပ်ကိုင်နေခြင်း ဖြစ်သော်လည်း ပြီးခဲ့သည့် ရက်ပိုင်းက တရုတ်မှ သရုပ်ဆောင်နှင့် မော်ဒယ်တို့လို နာမည်ရှိပုဂ္ဂိုလ်များ ဖမ်းဆီးခံလိုက်ရခြင်းကြောင့် နိုင်ငံတကာမှ လူများ ပါ သိရှိလာခြင်းဖြစ်ကြောင်း မြန်မာ-တရုတ်အရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။
ဒေါက်တာလှကျော်ဇောက “အခုက မင်းသားမင်းသမီး နာမည်ကြီးတွေပါကုန်လို့ သိကုန်တာ။ အစက သာမန်လေး တွေတုန်းကတော့ ဆိုရှယ်မီဒီယာ ဒီလောက် မကျယ်ပြန့်သေးလို့ ဘယ်သူမှလည်း သိပ်မပြောဘူးလေ။ အစိုးရ လောက်ပဲ။ တဖြေးဖြေး ဖြေရှင်းရမှာ မလွယ်ဘူး။ သူတို့ တရုတ်ပြည်မှာတောင် လွယ်တာမှမဟုတ်တာ။ ဒါကြောင့် တရုတ်က Asian ၁၀ နိုင်ငံနဲ့ ပေါင်းပြီးတော့ ဆွေးနွေးတဲ့ ဆွေးနွေးပွဲကြီးမှာ တရုတ်နိုင်ငံခြားဝန်ကြီးက ပြောသွား တာလေ။ သူ့တစ်နိုင်ငံတည်း လုပ်လို့မရဘူး။ Asian မှာက ထိုင်းလည်း သူက ပြောရတယ်။ ကမ္ဘောဒီးယားလည်း ပြောရတယ်။ နိုင်ငံကျော် ရာဇဝတ်မှုကြီးတွေ ဖြစ်တာကြောင့် အားလုံးစုပေါင်းပြီး ရှင်းဖို့ ဝိုင်းပြောနေရတာ။ ဗမာပြည် တစ်ပြည်တည်း မဟုတ်ဘူး။ ကမ္ဘောဒီးယားက ဟိုတစ်ခါ လေယာဉ်ပျံတစ်စင်းလုံး အပြည့် ကျားဖြန့်တွေ ကို ဖမ်းလာတာလေ တရုတ်ကို လွှဲပေးတာပေါ့” ဟု ပြောသည်။
တရုတ်ကို ကျားဖြန့်တွေလွှဲပေးနေစဉ်
ထို့အပြင် နိုင်ငံခေါင်းဆောင်ဖြစ်သည့် ထိုင်းဝန်းကြီးချုပ် ပေတုန်တန်သည်လည်း အွန်လိုင်းပေါ်မှ လိမ်ညာသူသည် AI နည်းပညာကို အသုံးပြုပြီး အာဆီယံခေါင်းဆောင် တစ်ဦးအဖြစ်ဟန်ဆောင်ကာ ၎င်းထံသို့ လိမ်လည် ဖုန်းခေါ် ဆိုခြင်းကို ခံခဲ့ရသည်။
ထိုင်းနယ်စပ်အနီး မြန်မာနိုင်ငံဘက်ခြမ်းမှာ တရုတ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ အီသီယိုးပီးယားနှင့် ကင်ညာနိုင်ငံ သားများ အပါအဝင် နိုင်ငံပေါင်း ၂၁ နိုင်ငံက လူ ၆၀၀၀ ကျော် လူကုန်ကူးခံထားရသည်ဟု ယုံကြည်ရကြောင်း အဆာဟိရှင်ဘွန်း ဂျပန်သတင်းဌာနက ဇန်နဝါရီ ၁၅ ရက်မှာ ဖော်ပြထားသည်။
အများစုသည် ထိုင်းနိုင်ငံက တဆင့် မြန်မာနိုင်ငံကို လူကုန်ကူးခံရခြင်းဖြစ်ပြီး ဒုစရိုက် လုပ်ငန်းများမှာ အတင်း အကျပ် ခိုင်းစေခံနေရကြောင်း ဖော်ပြထားသည်။
ထို့အပြင် ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့မှာ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များ၏ လူကုန်ကူးမှုကို တားဆီး ရန် ထိုင်းအာဏာပိုင်များက နယ်စပ်မှာ လုံခြုံရေး တင်းကျပ်ထားကြောင်းလည်း သိရသည်။