CNI News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၀
တော်လှန်ရေးကာလ ၄ နှစ်အတွင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း(EAO)များလောက် အောင်မြင်မှုမပြနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကြီးမြင့်က CNI သတင်းဌာနသို့ ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ လွတ်မြောက်နယ်မြေများတွင် အစိုးရဝန်ကြီးများ ရုံးထိုင်မည့် ရုံးခန်းများ ယခုလ အတွင်း ဖွင့်လှစ်ပြီး အရပ်ဖက် အုပ်ချုပ်ရေးယန္တရား စတင်လည်ပတ်တော့မည်ဟု NUG ၏ ပြည်ထဲရေးနှင့် လူဝင်မှု ကြီးကြပ်ရေးဝန်ကြီး ဦးလွင်ကိုလတ်က ပြောကြားခဲ့သည်။
NUG အနေဖြင့် တိုင်းရင်းသား(EAO)များလောက် အောင်မြင်မှုမပြနိုင်ဘဲ ရုံးစိုက်မည်ဆိုခြင်းကလည်း လွန်ခဲ့သည့် ၂ နှစ်လောက်တွင် လုပ်ရမည့် အရာဖြစ်သောကြောင့် အလုပ်အများကြီး လုပ်ရမည်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးကြီးမြင့်က CNI သတင်းဌာနသို့ ပြောသည်။
ဦးကြီးမြင့်က “ဒီဘက်ကလည်း ဘယ် စကစ-က စစ်ကောင်စီကလည်း ဘယ်ကြည့်နေမလဲကွာ၊ သူတို့ကလည်း သေချာပြန်တိုက်ယူမှာပေါ့၊ အဲတာကို ကိုယ်က NUG အနေနဲ့ လာထဲက စဥ်းစာလာရမယ်၊ ရောက်နေရင်လည်းပဲ အဲဒီဟာတွေအတွက် တိုက်လာရင် ဘယ်လိုခုခံမယ်၊ ဘယ်လိုတွေ ရှောင်ရတိမ်းရမယ်၊ အဲတာတွေကို သေသေ ချာချာ စဥ်းစားပြီးတော့ လုပ်ရမယ်လို့ အဲလိုတော့ ထင်ပါတယ်နော်၊ အခု ၄ နှစ်ဖြစ်လာပြီပေါ့နော်၊ ၄ နှစ်မှာ ကြည့် ရတာတော့ သူလုပ်ရမယ့် အလုပ်တွေအပေါ်မှာက တိုင်းရင်းသားတွေပေါ့ တိုင်းရင်းသား EAO တွေလောက် သူ မလုပ်နိုင်ဘူး၊ အောင်မြင်မှုလည်း အဲလောက်ထိ မပြနိုင်ဘူး၊ အဲလိုတော့ တွေ့တယ်လေ၊ သူကတော့ ရုံးစိုက်တာ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ရုံးစိုက်ပြီးတော့ လုပ်ရမှာလေ၊ အခုလာပြီဆိုတော့ ၂ နှစ်လောက်တောင် နောက်ကျနေ ပြီပေါ့၊ နောက်ကျနေပြီဆိုတဲ့ အခါကျတော့ သူတို့အလုပ်တွေ အများကြီးလုပ်ရလိမ့်မယ်၊ အဲလို လုပ်နိုင် မလုပ်နိုင် ကလည်း ပြည်သူကတော့ စောင့်ကြည့်နေတာပေါ့နော်၊ ဒါသူတို့အပေါ်မှာ မူတည်ပါတယ်” ဟု ပြောသည်။
NUG ရဲ့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ကို တွေ့ရစဉ်
အစိုးရအဖွဲ့ဝန်ကြီးများ အနေဖြင့် ပြည်တွင်းတွင် အင်အားပြန်လည်တည်ဆောက်ရန် NUG ၏ ယာယီသမ္မတ ဒူဝါလရှီးလက ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်တွင် အစိုးရအဖွဲ့ အစည်းအဝေး၌ ပြောကြားခဲ့သည်။
ထို့ပြင် ၂၀၂၅ ခုနှစ်တွင် တော်လှန်ရေးအောင်မြင်ရန် လိုအပ်သည့် အပြောင်းအလဲများအား ရဲရဲဝံ့ဝံ့ ဆောင်ရွက်သွား မည်ဟု NUG ၏ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက် နှစ်သစ်ကူးမိန့်ခွန်း၌ ထည့်သွင်း ပြောကြားခဲ့သည်။
ထို့နောက် NUG အနေဖြင့် စစ်ကိုင်းတိုင်းတွင် ရုံးဖွင့်မည်ဆိုသော ပြောဆိုမှုများ ထွက်ပေါ်လာခြင်း ဖြစ်သည်။
လက်ရှိ NUG ၌ ဝန်ကြီးဌာန ၁၇ ခု၊ ဝန်ကြီးနှင့် ဒုဝန်ကြီး ၃၄ ယောက်ရှိ၍ မည်သည့်ဌာနများ အရင်ဆုံး ပြည်တွင်း တွင် ရုံးပြန်စိုက်မည် ဆိုခြင်းကိုတော့ ထုတ်ဖော် ပြောကြားခြင်း မရှိသေးပေ။
စစ်ကိုင်းတိုင်းဒေသကြီးတွင် စည်းလုံးညီညွတ်ရေးနှင့် ပတ်သက်၍ ပြည်လည်တည်ဆောက်ရန် လိုအပ်နေသည့် အခြေအနေဖြစ်ကြောင်း၊ မြေပြင်စစ်ပွဲများ ဆင်နွှဲနေခြင်းအား ပြည်ပမှနေ၍ လမ်းညွှန်ချက်များ ချ၍မရကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။
ဦးသန်းစိုးနိုင်က “အခုကတော့ ဝန်ကြီးဌာနတွေ ဖျက်မယ်၊ နောက်ပြီးတော့ ကော်မရှင်တွေ ၅ ခု ဖွဲ့ပြီးတဲ့အခါမှာ ဝန်ကြီးဌာနကို ကျဥ်းကျုံ့မယ်၊ ပြီးတော့ ဝန်ကြီးတွေကိုယ်တိုင် ဒေသတွင်းမှာ အထူးသဖြင့် စစ်ကိုင်းတိုင်းထဲမှာ ဆင်းပြီးတော့ တာဝန်ယူကြမယ်လို့ ကြားတဲ့အခါ ပြည်သူတစ်ရပ်လုံးက အားရဝမ်းသာ ကြိုဆိုကြပါတယ်၊ အခု စစ်ကိုင်းတိုင်းမှာ စည်းလုံးညီညွတ်ရေးနဲ့ ပတ်သက်ပြီးတော့ အတော်လေး ပြန်လည် တည်ဆောက်ဖို့ လိုနေတဲ့ အခြေအနေပါ၊ တကယ်ကတော့ လက်တွေ့မြေပြင် စစ်ပွဲတွေ ဆင်နွှဲနေတာပါ၊ အဲဒီလို မြေပြင်စစ်ပွဲတွေ ဆင်နွှဲ နေတာကို ပြည်ပကနေပြီးတော့ လမ်းညွှန်ချက်တွေ ချနေလို့မရပါဘူး၊ တကယ်တိုက်ပွဲဝင်မယ့် အဖွဲ့အစည်းတွေနဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ပြီးတော့ အောက်ခြေက အခြေအနေတွေကို ပြဿနာတွေကို ဖြေရှင်းပြီးတော့ တော်လှန်စစ်ကို တွန်းတင်ရမယ့် အနေအထားပါ၊ အခုလို ဒီပြဿနာတွေကို ဖြေရှင်းဖို့အတွက် NUG ရဲ့ ဖွဲ့စည်းပုံ ပြောင်းမယ်၊ နောက်ပြီးတော့ လုပ်ငန်းအဖွဲ့တွေအားလုံး စစ်ကိုင်းတိုင်းမှာ အခြေပြုပြီးတော့ လူထုနဲ့ ပူးတွဲရပ်တည် လှုပ်ရှားမယ့် ဆိုတဲ့ဟာက ၂၀၂၅ ခုနှစ် စစ်ကောင်စီ အမြစ်ပြုတ်ရေး စီမံကိန်းအတွက် ကောင်းမွန်တဲ့ အလားအလာတွေလို့ ပြည်သူလူထုက ဝိုင်းဝန်းကြိုဆိုလျက်ရှိပါတယ်” ဟု ပြောသည်။
NUG ရဲ့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ PDF ကို တွေ့ရစဉ်ကို တွေ့ရစဉ်
ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)၊ ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)ဆိုသည့် (ပ) သုံးလုံး အဖွဲ့အစည်း၏ စည်းမဲ့ကမ်းမဲ့ ဖြစ်မှုများနှင့် ပြဿနာများသည် အမှုပေါင်း ၃၀၀ ကျော်ခန့်ရှိကြောင်း၊ NUG အနေဖြင့် ထိုကိစ္စများအား ရှင်းလင်းနိုင်မှသာ ပြည်သူလူထု၏ ထောက်ခံမှုကို ရမည်ဖြစ်သလို စစ်ပွဲများ နိုင်အောင် တိုက်နိုင်မည်ဖြစ်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(EAO)များနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တို့သည် နိုင်ငံ တစ်ဝှမ်းတွင် မြို့နယ်ပေါင်း ၁၄၄ မြို့နယ်အား စိုးမိုးထိန်းချုပ်ထားကြောင်း NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနက ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။