CNI News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၇
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ(EAOs)သည် ပုံသဏ္ဍာန် နည်းနာများ ကွဲပြားနေသည့်အတွက် အချင်းချင်းကြား ဘုံသဘောတူညီချက်ရရန် အရင်ညှိနှိုင်းသင့်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ်(SNLD) မှ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က CNI သတင်းဌာနသို့ ပြောသည်။
NLD အစိုးရဖြုတ်ချခံရပြီးနောက်ပိုင်း ဖြစ်ပေါ်လာသော မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် တိုင်းရင်းသား လက်နက်ကိုင်များ၏ ရည်မှန်းချက်များ မတူညီကြတော့ဘူးဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များအကြား သုံးသပ်မှုများ ရှိနေကြသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ လက်နက်ကိုင်ခေါင်းဆောင်များကို တွေ့ရစဉ်
ဦးစိုင်းလိတ်က “ဥပမာ 7 Alliance ဆိုတာမျိုးကြ NCA လက်မှတ်ရေးထိုးထားတယ်။ သူတို့ကတော့ စကစနဲ့ နီးစပ်တယ်ပေါ့။ သို့သော် ကျန်ရှိနေတဲ့ FPNCC အဖွဲ့ဝင်ထဲက UWSA, SSPP, မိုင်းလား အဲဒီ ၃ ဖွဲ့ကကြတော့ နေမြဲဖြစ်နေတယ်။ တိုက်ပွဲထဲလည်း ဝင်မပါဘူး။ ထောက်ခံသလားဆိုတော့လည်း မထောက်ခံပြန်ဘူး။ အဲဒီ ဥစ္စာတွေရဲ့ သဘောထားက သပ်သပ်၊ နောက်ထပ် KIA လိုဟာမျိုး သူ့ကြတော့လည်း မှန်တမ်းနေရာမှာရှိတယ်။ တိုက်ပွဲလည်းဝင်တယ် သို့သော် ညီနောင် ၃ ဖွဲ့လိုမျိုးတော့ ကြေညာချက်တွေ ထုတ်တာမျိုး၊ သူ့သဘောထားကို ပိုပိုသာသာ လွန်လွန်ကြူးကြူးပြောတာ ဘာတစ်ခုမှ မရှိဘူး။ အဲဒါရပ်တည်ချက်တစ်မျိုး။ 3 Brotherhood က တစ်မျိုးပေါ့။ ဥပမာ ရခိုင်ဆို ကွန်ဖက်ဒရေးရှင်း အဆင့်ကို လိုချင်ပါတယ်ဆိုပြီး ပြောတာရှိသလို TNLA ကလည်း တစ်မျိုးတစ်မြည် ပြောတာပေါ့။ အဲဒါတွေက သပ်သပ်၊ အခြားတစ်ဖက်မှာ တောင်ပိုင်းဘက်မှာ KNU, CNF တို့ကလည်း ရှိပြန်တော့ အဲဒါတွေနဲ့ ဆွေးနွေးမယ်ဆိုရင်တောင် တော်တော်ကြီးကို ညှိနှိုင်းရပါဦးမယ်။ ကျနော် အထင်က တိုင်းရင်းသားလက်နက်ကိုင်တွေ အချင်းချင်းကြားမှာ ဘုံသဘောတူညီချက်ရဖို့ အရင်ညှိနှိုင်းရပါလိမ့်မယ်။ ပြီးတော့မှ စကစနဲ့ ညှိတာ ပိုပြီးတော့မှ လွယ်ကူမယ်လို့ ထင်ပါတယ်” ဟု ပြောသည်။
တိုင်းရင်းသား လက်နက်ကိုင်များ မျက်နှာစုံညီအစည်းအဝေးကျင်းပစဉ်
လက်ရှိတွင် နစကသည် တိုက်ပွဲဖြစ်ပွားနေသည့် တိုင်းရင်းသားလက်နက်ကိုင်များထဲမှ တရုတ်အကူအညီဖြင့် ကိုးကန့်တစ်ဖွဲ့နှင့်သာ တွေ့ဆုံပြီး ယာယီအပစ်ရပ်စဲထားသည်။
TNLA နှင့် ဆက်လက် တွေ့ဆုံ ဆွေးနွေးရေးကို တရုတ်ဘက်မှလည်း ရပ်နေမှာ မဟုတ်ကြောင်း၊ သက်တမ်း ၆ လ ထပ်မံတိုးရခြင်းကို နားလည်ပေးပြီး မကြာခင်တွင် TNLA နှင့်တွေ့ဆုံရေးကို တိုက်တွန်းသွားမည်ဟု ထင်ကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာ က CNIသတင်းဌာနသို့ ပြောသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် နစကတို့ တွေ့ဆုံဆွေးနွေးရာတွင် အပေးအယူ ရာနှုန်းပြည့် တည့်သွားခြင်းမျိုး မဟုတ်သော်လည်း အပေးအယူပျက်ကာ ရန်ဘက်ပြန်ဖြစ်မည်ဟု မယူဆကြောင်း ၎င်းက ပြောသည်။
ဗိုလ်မှူးကြီးခွန်ဥက္ကာက “အပေးအယူ မတည့်ဘူးဆိုတာတော့ မရှိပါဘူး။ ဒါတွေအားလုံးက စဉ်းစားကြတာ ချည်းပဲ ဆိုတော့ အပေးအယူတော့ တည့်နိုင်ပါတယ်။ အနိမ့်အမြင့်ပေါ့။ ပြဿနာအမြင့်ကြီး အပေးအယူ တည့်သွားတာ နိုင်ငံရေးအရရော ဘာရော။ ဒါမှမဟုတ်လည်း အောက်ခြေမှာ အပစ်ရပ်ပြီးတော့ နယ်မြေကိစ္စလေး၊ ကုန်သွယ်ရေး ကိစ္စလေးမှာ အပေးအယူတည့်တာ၊ အပေးအယူတော့ ရှိနေရမယ်၊ ရာခိုင်နှုန်းပြည့်ကြီး တည့်သွားတာတော့ မဟုတ်ဘူး။ သို့သော် အပေးအယူက အဆင့်အလိုက် တစ်ချက်ချင်း၊ နှစ်ချက်ချင်းလည်း ဖြစ်နိုင်တယ်။ ဒေသတစ်ခု ချင်းလည်း ဖြစ်နိုင်တယ်။ အဲဒီလိုသွားမယ်နဲ့ တူတယ်။ အပေးအယူ ပျက်ပြီးတော့ ရန်ဘက်ပြန်ဖြစ်တာတို့၊ ဆန့်ကျင်ဘက် ပြန်ရောက်တာတို့ ဖြစ်မယ်လို့ မယူဆဘူး” ဟု ပြောသည်။
နစကဥက္ကဋ္ဌသည် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ စတင်ကာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် စိန်ခေါ်မှုများ ရှိနေသးသည့်အပြင် တည်ငြိမ်အေးချမ်းမှု လိုအပ်နေသေး၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ၆ လ သက်တမ်း ထပ်မံတိုးမြှင့်ထားသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း နစကဥက္ကဋ္ဌမှ ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ပြည်တွင်းနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းကြား ကတိပြုထားသည့်အလျောက် ကျင်းပနိုင်မှု ရှိ/မရှိကို စောင့်ကြည့်အကဲခတ်နေ ကြသည်။