CNI News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၇
ရွေးကောက်ပွဲအလွန် ဖြစ်ပေါ်လာမည့် အစိုးရသည် စိန်ခေါ်မှုများ ကြီးကြီးမားမား ရှိနေကြောင်း အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ(NDF) မှ ဒုဥက္ကဋ္ဌ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများ အနေဖြင့် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်သွားရမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး၌ ပြောကြားခဲ့သည်။
လာမည့်အစိုးရသည် တိုင်းပြည်အား တည်ငြိမ်ရန် လုပ်ဆောင်ရမည့် ကိစ္စရပ်များ၊ လက်နက်ဖောင်းပွနေမှု ကိစ္စရပ် များအပြင် ပြည်သူလူထု၏ လူမှုစီးပွားဘဝများ ဒုက္ခရောက်နေသည့် ကိစ္စရပ်များ စသည့် စိန်ခေါ်မှုများ ရှိနေ ကြောင်း အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ(NDF) မှ ဒုဥက္ကဋ္ဌ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
ဦးထက်အောင်ကျော်က “ အခုကတော့ ကျနော့်အမြင်ကတော့ ဒီနှစ်က သူလည်းဒီလောက် ကတိကဝတ်တွေ ပေးထားပြီကိုး၊ စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးကို လုပ်တဲ့အခါမှာလည်း ပြောသွားတာပေါ့နော်၊ ရွေးကောက်ပွဲ လုပ်တော့မှာ ဖြစ်တဲ့အတွက်ကြောင့် တိုင်းဒေသကြီး၊ ပြည်နယ် ဝန်ကြီးချုပ်တွေ အကုန်လုံး ဥပဒေ၊ နည်းဥပဒေ သေချာကြေကြေညက်ညက် လုပ်ထားဖို့တို့၊ ဘာတို့ ညာတို့ ပြောတာကိုး၊ ဒီဟာကတော့ ကျနော်တို့က ရွေးကောက်ပွဲကတော့ မဖြစ်ဖြစ်အောင်တော့ လုပ်လိမ့်မယ်ပေါ့နော်၊ ဘယ်လိုပုံစံမျိုးလုပ်မလဲ၊ ဘယ်နေ့လုပ်မလဲ ဆိုတဲ့ဟာက အခုချိန်ထိက တိတိကျကျ မထွက်သေးတာပေါ့လေ၊ တကယ့် တကယ်တမ်းကတော့ အဲဟာအပြီးမှာ ဖြစ်မယ့် ဖြစ်ပေါ်လာမယ့် အစိုးရပေါ့လေ၊ အဲဟာအတွက်က တကယ့်ကို Challenge တော်တော်ကြီးတာပေါ့၊ တော်တော်ကို စိန်ခေါ်ချက်က တော်တော်ကြီးကိုကြီးတယ်၊ ဘာလို့လဲဆိုတော့ ဒီလောက် ဖြစ်ထားတဲ့ တိုင်းပြည် ကြီးကို သေသေချာချာ ပြန်ငြိမ်အောင်ပေါ့နော်၊ ပြန်ငြိမ်အောင်လုပ်ရမယ့် ကိစ္စတွေ၊ လက်နက်တွေ ဒီလောက် ဖောင်းပွနေတဲ့ ဟာတွေကို ဘယ်လိုပြန်လုပ်မလဲပေါ့၊ အဲဒါတွေက တော်တော့်ကို လူထုရဲ့ လက်ရှိ လူမှုစီးပွားဘဝ အကုန်လုံး ဒုက္ခရောက်နေတဲ့ဟာတွေ အများကြီးရှိတာကိုး၊ အခက်အခဲတွေလည်း အများကြီးရှိတယ်၊ အဲတာတွေ ကို တကယ်ကျော်လွှားဖို့ဆိုတာ လာမယ့် အစိုးရအတွက်ကတော့ တကယ့်ကို စိန်ခေါ်ချက် ကြီးကြီးတော့ ရှိမယ်”ဟု ပြောသည်။
မိမိတို့အနေဖြင့် အထွေထွေရွေးကောက်ပွဲ ကျင်းပပေးပြီး ပေါ်ပေါက်လာသည့် လွှတ်တော်များ အတွင်းတွင်လည်း တိုင်းရင်းသားများနှင့် လူထုလူတန်းစား အလွှာများကို ကိုယ်စားပြုသူများ ကျယ်ပြန့်စွာ ပါဝင်လာရေးအတွက် ဆောင်ရွက်သွားမည်ဟု နစကဥက္ကဋ္ဌက ပြောသည်။
၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပပေးမည်ဖြစ်ပြီး အနိုင်ရရှိသည့် နိုင်ငံရေးပါတီကို နိုင်ငံတော်အာဏာ လွှဲပြောင်းပေးမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောထားသည်။
နိုင်ငံရေးပါတီများအနေဖြင့် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်သွားရမည်ဖြစ်ပြီး မဲဆွယ်စည်းရုံး မှုများ ဆောင်ရွက်နိုင်ရေးအတွက် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းမှုရှိရန် လိုအပ်မည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားထားသည်။
ဒေါက်တာအေးမောင်နဲ့ ဦးထက်အောင်ကျော်ကို တွေ့ရစဉ်
လက်ရှိကာလ အကျပ်အတည်းအား ကျော်လွှားနိုင်ရန် လာမည့်အစိုးရသည် တာဝန်ယူနိုင်အောင် ကြိုးစားနိုင်ပြီး ငြိမ်းချမ်းရေးဖြစ်စဥ်များအား အသွင်တစ်မျိုးဖြင့် ချဥ်းကပ်ပါက အောင်မြင်မှု အသစ်အဆန်းများ ရနိုင်ကြောင်း ရခိုင့်ဦးဆောင်ပါတီ(AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
ဒေါက်တာအေးမောင်က “ ဖြစ်နိုင်ခြေများတာက လက်ရှိကာလ နစက တာဝန်ယူတဲ့ကာလ၊ အခုဖြစ်ပေါ်လာမယ့် ရွေးကောက်ပွဲ၊ ရွေးကောက်ပွဲအလွန်အစိုးရ ဆက်စပ်မှုရှိဖို့ ရာခိုင်နှုန်းများတယ်၊ အဲတော့ လက်ရှိကာလ အကျပ်အတည်းကို ကျော်လွှားနိုင်အောင် အဲဒီကာလမှာ ဖြစ်ပေါ်လာမယ့် အစိုးရတာဝန်ယူနိုင်အောင်လို့ ကြိုးစား ကြမယ်ထင်တယ်၊ အခြေခံဥပဒေအရ ရွေးကောက်ပွဲသည် တရားဝင်မှုရှိတယ်၊ ရွေးကောက်ပွဲအလွန်အစိုးရ တရားဝင်မှု ဦးသိန်းစိန် ကာလလိုရှိတယ်လို့ ဝိုင်းဝန်းပြီးတော့ နိုင်ငံတကာကရော သတ်မှတ်ပေးကြမယ်ဆိုရင် အခုကာလအစိုးရထက် နိုင်ငံတကာရဲ့ အားပေးကူညီမှုနဲ့ အသိအမှတ်ပြုမှုပေါ့ လာမယ့်ကာလ အစိုးရက ရနိုင်ခြေ ရှိတာပေါ့၊ အဲတော့ သူ့မှာ တာဝန်ပိုကြီးမယ်၊ လက်ရှိကာလရဲ့ ငြိမ်းချမ်းရေး ဖြစ်စဥ်တွေကို အသွင်တစ်မျိုးနဲ့ သူကြိုးစားမှာလား၊ လက်ရှိငြိမ်းချမ်းရေး ဖြစ်စဥ်ကိုပဲ ဆက်ပြီးတော့ တစ်သွင်ထဲပေါ့ဗျာ၊ နည်းတူ ဆက်ကြိုးစားမှာ လား၊ ဒါက လာမယ့်အစိုးရ ချဥ်းကပ်မှုနဲ့ဆိုင်တယ်၊ ကျနော်တို့ သုံးသပ်တာက အသွင်တစ်မျိုးနဲ့ ချဥ်းကပ်ရင် အောင်မြင်မှု အသစ်အဆန်းတွေ ရနိုင်တယ်လို့ထင်တယ်” ဟု ပြောသည်။
နစက-က ကျင်းပရန် စီစဥ်နေသည့် ရွေးကောက်ပွဲအား တိုက်ဖျက်ဆောင်ရွက်ရေး အပါအဝင် မဟာဗျူဟာ ၅ ချက်အား ၂၀၂၅ ခုနှစ်အတွင်း ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) က ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒမှန်ကို ထုတ်ဖော်နိုင်သည့် လွတ်လပ်ပြီး တရားမျှတသော အထွေထွေရွေးကောက်ပွဲအား မဖြစ်မနေ ကျင်းပပေးသွားမည်ဟု ပြောကြားထား သည်။