CNI International News
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၇
ပနားမားတူးမြောင်းကို ဘေးကင်းလုံခြုံစွာ ထားရှိရေးအတွက် အမေရိကန်ကာကွယ်ရေးဝန်ကြီး ပီးစ် ဟက်ဆက် (Pete Hegseth) နှင့် ပနားမားသမ္မတ ဟိုဆေး ရာအူးလ် မူလီနို (Jose Raul Mulino) တို့ သဘောတူညီမှု ရရှိခဲ့ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
အမေရိကန်က ပနားမားနိုင်ငံအပေါ် တရုတ်၏ သြဇာလွှမ်းမိုးမှုကို လျှော့ချရန်အတွက် ပနားမားတူးမြောင်းအား ထိန်းချုပ်ရန် ကြိုးပမ်းနေချိန်တွင် ဟက်ဆက်နှင့် မူလီနိုတို့၏ တယ်လီဖုန်း ဆက်သွယ်ဆွေးနွေးမှု၌ ထိုကဲ့သို့ သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ အစိုးရအဖွဲ့က ပင်လယ်ကူးသင်္ဘော လမ်းကြောင်းများ အတွက် အလွန်အရေးပါပြီး ပစိဖိတ်သမုဒ္ဒရာ၊ ကာရစ်ဘီယံပင်လယ်နှင့် အတ္တလန္တိတ် သမုဒ္ဒရာတို့ကို ဆက်သွယ် ထားသည့် ပနားမားတူးမြောင်း၏ လုပ်ငန်းလည်ပတ်ပုံများကို စေ့စေ့စပ်စပ် ကြည့်ရှုနေချိန်တွင် ဖေဖော်ဝါရီ ၅ ရက်က အမေရိကန်ကာကွယ်ရေးဝန်ကြီးနှင့် ပနားမားသမ္မတတို့ ဖုန်းဆက်သွယ် ပြောဆိုခဲ့ကြခြင်းဖြစ်သည်။
ထရမ့်ကမူ ထိုတူးမြောင်းသည် တရုတ်၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိနေကြောင်း အထောက်အထား မပြဘဲ ပြောကြားခဲ့ကာ ပနားမားတူးမြောင်းကို ပြန်လည်ရယူသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မူလီနိုနှင့် ဟက်ဆက်တို့၏ ဖုန်းဆက်သွယ် ပြောဆိုမှုအတွင်း အမေရိကန်စစ်တပ်နှင့် ပနားမားလုံခြုံရေးတပ်ဖွဲ့ များအကြား ပူးပေါင်းဆောင်ရွက်မှုကို ချဲ့ထွင်ရန်လည်း သဘောတူညီခဲ့ကြောင်း ပင်တဂွန်က ပြောကြားခဲ့သည်။
အမေရိကန်ကာကွယ်ရေးဝန်ကြီး ပီးစ် ဟက်ဆက်နှင့် ပနားမားသမ္မတ ဟိုဆေး ရာအူးလ် မူလီနိုကို တွေ့ရစဉ်
“ပနားမားတူးမြောင်းလုံခြုံရေး အပါအဝင် အမေရိကန်နဲ့ ပနားမားနိုင်ငံတို့ရဲ့ ဘုံလုံခြုံရေး အကျိုးစီးပွားတွေနဲ့ ဆက်ဆံရေးကို ခိုင်မာစွာ တည်ဆောက်ဖို့ သဘောတူခဲ့ကြပါတယ်”ဟု ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
ယခုသီတင်းပတ် အစောပိုင်းက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) နှင့် ဆွေးနွေး အပြီးတွင်လည်း မူလီနိုက ပနားမားနှင့် တရုတ်၏ ပတ်လမ်း၊ ရပ်ဝန်းစီမံကိန်း သဘောတူညီချက်ကို သက်တမ်း တိုးမည် မဟုတ်ဘဲ စောစီးစွာ အဆုံးသတ်သွားလိမ့်မည်ဟု ပြောကြားခဲ့သည်။
ထို့ပြင် ထရမ့်၏ ကြီးမားသည့် ဖိအားများကြောင့် အမေရိကန်အစိုးရ သင်္ဘောများသည် ပနားမားတူးမြောင်းကို အခမဲ့ဖြတ်သန်းခွင့် ရရှိတော့မည်ဟုလည်း အမေရိကန်အာဏာပိုင်များက ပြောကြားခဲ့သည်။
ထို့ကြောင့် အမေရိကန်သည် ပနားမားတူးမြောင်းကို ဖြတ်သန်းခအဖြစ် တစ်နှစ်လျှင် ဒေါ်လာသန်းချီ ကုန်ကျတော့ မည်မဟုတ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက လူမှုမီဒီယာတွင် ရေးသားခဲ့သည်။
Source: Nikkei Asia