CNI International News
စူဒက် ဟွာရက်ဇ် ၊ ဖေဖော်ဝါရီ ၇
မက္ကဆီကိုနိုင်ငံသည် ဖေဖော်ဝါရီ ၅ ရက်က အမျိုးသားအစောင့်တပ်(National Guard)နှင့် စစ်တပ်၏ ထရပ်ကား များကို အမေရိကန်နိုင်ငံ၊ တက္ကဆက် (Texas) ပြည်နယ်၊ အယ်လ်ပါဆို (El Paso) မြို့နှင့် မက္ကဆီကို၏ စူဒက် ဟွာရက်ဇ် (Ciudad Juárez) မြို့ကြားရှိ နယ်စပ်ဒေသသို့ စေလွှတ်ခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ( Donald Trump)က မက္ကဆီကိုကို အခွန်များ တိုးကောက်မည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက် မက္ကဆီကိုက ၎င်း၏ မြောက်ပိုင်းနယ်စပ်သို့ စစ်သား ၁၀,၀၀၀ ခန့် စေလွှတ်ခဲ့ခြင်း ဖြစ်သည်။
မျက်နှာဖုံးများဝတ်ထားပြီး လက်နက်များ ကိုင်ဆောင်ထားသည့် အမျိုးသားအစောင့်တပ်၏ တပ်ဖွဲ့ဝင်များသည် စူဒက်ဟွာရက်ဇ်မြို့ ဆင်ခြေဖုံးရှိ နယ်စပ်အတားအဆီးများ တစ်လျှောက် လုံခြုံရေးယူထားပြီး နယ်စပ်ဒေသအနီးရှိ ခြုံပုတ်များထဲတွင် ဝှက်ထားသည့် လှေကားများနှင့် ကြိုးများကို ရှာဖွေသိမ်းဆည်းကာ ထရပ်ကားများပေါ်သို့ တင်နေကြသည်ကို တွေ့ရသည်။
ထို့ပြင် တီဟွာနာ (Tijuana) မြို့အနီးရှိ နယ်စပ်ဒေသများတွင်လည်း အလားတူ ကင်းလှည့်မှုများ ပြုလုပ်ခဲ့သည်။
ထရမ့်က မက္ကဆီကိုနိုင်ငံမှ သွင်းသည့် ကုန်ပစ္စည်းများကို အခွန်တိုးကောက်မည့် အစီအစဉ်အား ၁ လကြာ ရွှေ့ဆိုင်းပေးမည်ဟု ကြေညာခဲ့ပြီးနောက် မက္ကဆီကိုက နယ်စပ်ဒေသတွင် လုံခြုံရေးအတွက် တာဝန်ယူပေးနေ ခြင်းဖြစ်သည်။
မက္ကဆီကို အမျိုးသားအစောင့်တပ်(NG)ကို တွေ့ရစဉ်
အခွန်တိုးကောက်မှုကို ရွှေ့ဆိုင်းပေးသည့်အတွက် ကျေးဇူးတင်သည့် အနေဖြင့် မက္ကဆီကိုသမ္မတ ကလော်ဒီယာ ရှိမ်းဘမ်း (Claudia Sheinbaum) က မက္ကဆီကိုနိုင်ငံမှ အမေရိကန်နိုင်ငံအတွင်းသို့ မူးယစ်ဆေးဝါးများ မှောင်ခို သွင်းမှုကို တိုက်ဖျက်ရန်အတွက် နယ်စပ်ဒေသသို့ အမျိုးသားအစောင့်တပ်များ စေလွှတ်ပေးမည်ဟု ကတိပြုခဲ့ သည်။
ပြီးခဲ့သည့်နှစ်အတွင်း မက္ကဆီကို-အမေရိကန် နယ်စပ်မှတဆင့် ရွှေ့ပြောင်းဝင်ရောက်မှုများ ကျဆင်းခဲ့ပြီး အမေရိကန်တွင် ဖန်တနိုင်း ( fentanyl ) မူးယစ်ဆေးလွန်ပြီး သေဆုံးသူ အရေအတွက် လျော့ကျခဲ့သည့်တိုင် ထရမ့်က ထိုနယ်စပ်ဒေသ၌ အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။
ထို့ပြင် မက္ကဆီကိုနိုင်ငံအတွင်းရှိ မူးယစ်ဆေးဝါး ဂိုဏ်းများအတွက် အမေရိကန်လုပ် သေနတ်များ မှောင်ခိုကူး နေခြင်းကို ရပ်နားရန် စီမံကိန်းများ ချမှတ်လုပ်ဆောင်သွားမည်ဟု ထရမ့်က ပြောကြားခဲ့သည်။
လတ်တလော အခြေအနေတွင် မက္ကဆီကို- အမေရိကန်နယ်စပ်ကို အချိန်ပြည့် ကင်းလှည့်မှုများ ပြုလုပ်နေ ကြောင်း မက္ကဆီကို အမျိုးသားအစောင့်တပ်ဖွဲ့၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဟိုဆေး လူးဝစ် ဆန်းတို့ အစ်ဇာ (José Luis Santos Iza) က ပြောကြားခဲ့သည်။
Source: အေပီ