CNI International News
ဝါရှင်တန်၊ ဇွန်လ ၉
အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလိစ် (Los Angeles) မြို့တွင် လူဝင်မှုနှင့် အကောက်ခွန်အရာရှိများက လူဝင်မှု စည်းကမ်း ချိုးဖောက်သူများကို ဖမ်းဆီးခဲ့ပြီးနောက် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သဖြင့် သမ္မတဒေါ်နယ်ထရမ့် (Donald Trump)က အမျိုးသားအစောင့်(National Guar) တပ်ဖွဲ့ဝင်များကို ဖြန့်ကြက်ချမည်ဟု ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
လော့စ်အိန်ဂျလိစ်တွင် ဆူပူသောင်းကျန်းမှုများ ဆက်လက် ဖြစ်ပွားနေမည်ဆိုပါက တန်းပြည့်စစ်မှုထမ်းများကို ဖြန့်ကြက်ချထားရန် ပင်တဂွန်က ပြင်ဆင်ထားကြောင်းနှင့် ပန်ဒယ်တန်စစ်စခန်း (Camp Pendleton ) ရှိ မရိန်း တပ်သားများကို တပ်လှန့်နှိုးဆော်ထားကြောင်း ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက် (Pete Hegseth ) က သတိပေးခဲ့သည်။
ဆန္ဒပြမှု ဒုတိယမြောက်ရက်ဖြစ်သည့် ဇွန်လ ၇ ရက်တွင် လော့စ်အိန်ဂျလိစ်မြို့ အရှေ့တောင်ပိုင်းရှိ ပါရာမောင့် (Paramount) ရပ်ကွက်၌ ဆန္ဒပြသူများနှင့် ဖက်ဒရယ် လုံခြုံရေးအေးဂျင့်များကြား ထိပ်တိုက်တွေ့မှု ဖြစ်ပွားခဲ့ သည်။
အမေရိကန်မှာ ဆန္ဒပြသူတွေနဲ့ လုံခြုံရေးအဖွဲ့တွေ ထိပ်တိုက်တွေ့နေကြစဉ်
ဇွန်လ ၇ ရက် ညပိုင်းတွင်လည်း လော့စ်အိန်ဂျလိစ် မြို့လယ်ခေါင်တွင် ဆန္ဒပြမှုဖြစ်ပွားခဲ့ပြီး ဆန္ဒပြသူများက လူဝင်မှုနှင့်အကောက်ခွန် အရာရှိများကို မြို့ထဲမှ ထွက်သွားရန် ဟစ်ကြွေးခဲ့ကြသည်။
ထရမ့်သည် တရားဥပဒေမဲ့ လုပ်ရပ်များကို ဖြေရှင်းရန်အတွက် အမျိုးသားအစောင့်တပ်ဖွဲ့ဝင်များကို ဖြန့်ကြက်ချ ထားမည့် သမ္မတဆိုင်ရာ စာချွန်လွှာအား လက်မှတ်ရေးထိုးခဲ့ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။
ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး ဂါဗင် နယူဆမ် (Gavin Newsom) ကမူ အမျိုးသားအစောင့်တပ်ဖွဲ့ဝင် များ ဖြန့်ကြက်ချထားမည့် ဆုံးဖြတ်ချက်သည် ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်မှုဖြစ်ကြောင်း ပြောကြားခဲ့သည်။
“အမျိုးသားအစောင့်တပ်တွေ ဖြန့်ကြက်ချထားတာက လုံခြုံရေးတပ်ဖွဲ့ဝင်တွေ မလုံလောက်လို့ မဟုတ်ပါဘူး။ ပွဲဆူအောင် လုပ်ချင်လို့ ဖြစ်ပါတယ်။ အကြမ်းမဖက်ဘဲ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြပါ”ဟု နယူဆမ်က X လူမှုမီဒီယာတွင် ရေးသာခဲ့သည်။
အမေရိကန်မှာ ဆန္ဒပြသူတွေနဲ့ လုံခြုံရေးအဖွဲ့တွေ ထိပ်တိုက်တွေ့နေကြစဉ်
ထိုဆုံးဖြတ်ချက်သည် မိမိတို့ နိုင်ငံသားများကို မိမိတို့မြေပေါ်တွင် ဆန့်ကျင်ရန် တန်းပြည့်မရိန်းတပ်ဖွဲ့ဝင်များ ချထားမည်ဟု ခြိမ်းခြောက်မှုသည် ဟက်ဆက်၏ ရူးမိုက်သည့် အပြုအမူဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။
ထရမ့်ကမူ နယူဆမ်နှင့် လော့စ်အိမ်ဂျလိစ် မြို့တော်ဝန်တို့ အနေဖြင့် ၎င်းတို့ အလုပ်တာဝန်ကို မလုပ်နိုင်သဖြင့် ဗဟိုအစိုးရက ကြားဝင်ဖြေရှင်းပေးရခြင်းဖြစ်ကြောင်း ၎င်း၏ Truth Social လူမှုမီဒီယာတွင် တုန့်ပြန်ရေးသားခဲ့ သည်။
Source: ရိုက်တာ