CNI International News
ဒါကာ၊ ဇွန်လ ၉
ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရအဖွဲ့ခေါင်းဆောင် မိုဟာမက်ယူနွတ်သည် အမေရိကန်၏ ကုန်သွယ်ခွန် တိုးမြှင့် ကောက်ခံမှု၊ ပြည်တွင်းနိုင်ငံရေး အကျပ်အတည်းများနှင့် ရင်ဆိုင်နေရသည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။
အသက် ၈၄ နှစ်အရွယ် ယူနွတ်သည် ပြီးခဲ့သည့်နှစ် ဩဂုတ်လကစပြီး ဘင်္ဂလားဒေ့ရှ်ယာယီ ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သော်လည်း ၎င်း၏ ပြုပြင်ပြောင်းလဲရေး အစီအစဉ်များသည် ဝေဖန်ခံခဲ့ရသလို လမ်းများပေါ်တွင် လည်း ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။
နိုင်ငံရေးအရ လွတ်လပ်ပြီး အမှီအခိုကင်းသည် ယူနွတ်သည် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာ (Sheikh Hasina) အစိုးရအဖွဲ့ ပြုတ်ကျခဲ့ပြီးနောက်ပိုင်း ရွေးကောက်ပွဲပြုလုပ်ရန် နှောင့်နှေးကြန့်ကြာခဲ့သဖြင့် ပြည်သူများ၏ မကျေနပ်မှုများ မြင့်တက်ခဲ့သည်။
ယူနွတ်သည် ဂရာမင်း ဘဏ် (Grameen Bank) ကိုထူထောင်ခဲ့သူဖြစ်ပြီး အသေးစားနှင့်အလတ်စား လုပ်ငန်းများ ကို ချေးငွေများ ထုတ်ပေးခဲ့သည့် အစီအစဉ်ကြောင့် ၂၀၀၆ ခုနှစ်တွင် ငြိမ်းချမ်းရေးနိုဘယ်ဆု ရရှိခဲ့သည်။
ဘင်္ဂလားဒေ့ရှ်မှာ ဆန္ဒပြနေကြစဉ်
သို့သော် လက်ရှိတွင် ယူနွတ်သည် များပြားသည့် တောင်းဆိုမှုများ ဖိအားများကြားမှာ ဟန်ချက်ညီစွာဖြင့် ဂရုတစိုက် ဆောင်ရွက်နေရပြီး စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှုများကို အရဲစွန့် လုပ်ဆောင်နေရသည်။
ထို့ပြင် ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းများ သို့မဟုတ် ပြည်ပအစိုးရများနှင့် စီးပွားရေး၊ ကုန်သွယ်ရေးများနှင့် ဆက်နွှယ်သည့် ဖိအားများကိုလည်း ရင်ဆိုင်နေရပြီး နိုင်ငံရေးထိုးနှက်မှုများ၊ တရားရေး အမှုအခင်းများကဲ့သို့ ပြည်တွင်းဖိအားများကိုလည်း ရင်ဆိုင်နေရသည်။
ယူနွတ်သည် ယခင်အစိုးရလက်ထက်က အလုပ်သမားရေးဥပဒေကို ချိုးဖောက်ခဲ့ကြောင်း စွပ်စွဲခံခဲ့ရပြီး အများစု ကမူ ထိုအမှုအခင်းများသည် ယူနွတ်ကို နိုင်ငံရေးအရ ထိုးနှက်ခြင်းဖြစ်သည်ဟု ရှုမြင်ထားကြသည်။
တစ်ချိန်တည်းမှာပင် ကုလသမဂ္ဂနှင့် အလုပ်သမားရေး အဖွဲ့များကဲ့သို့ နိုင်ငံတကာ အဖွဲ့အစည်းများက ကမ္ဘာလုံး ဆိုင်ရာ ကုန်သွယ်ရေးအပေါ် မှီခိုနေရသည့် ဘင်္ဂလားဒေ့ရှ်၏ စီးပွားရေး အခြေအနေကို အနီးကပ် စောင့်ကြည့် နေသည်။
ထို့ကြောင့် ပြုပြင်ပြောင်းလဲမှုများ၊ သဘောထား ကွဲလွဲမှုများတွင် ယူနွတ် ပါဝင်နေခြင်းသည် ဘင်္ဂလားဒေ့ရှ်၏ ပုံရိပ်နှင့် ကုန်သွယ်ရေး သဘောတူ စာချုပ်များအပေါ် သက်ရောက် လာစေနိုင်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
Source: Nikkei Asia