CNI International News
ကောင်းရှောင်း၊ ဇွန်လ ၉
ထိုင်ဝမ်ကမ်းခြေစောင့်တပ်ဖွဲ့သည် ဇွန်လ ၈ ရက်က စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထိုစစ်ရေး လေ့ကျင့်မှုများသည် စစ်ပွဲနှင့်ငြိမ်းချမ်းရေးကြား သေချာရေရာမှုမရှိသည့် အခြေအနေကို ဖန်တီးနေ သည့် တရုတ်၏ ခြိမ်းခြောက်မှုကို ကောင်းမွန်စွာ ရင်ဆိုင်နိုင်ရန်ဖြစ်သည်ဟု ထိုင်ဝမ်အစိုးရက ပြောကြားခဲ့ ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
တရုတ်သည် ထိုင်ဝမ် အနီးဝန်းကျင်ရှိ ရေအောက် အင်တာနက် ဆက်သွယ်ရေး ကေဘယ်ကြိုးများကို ဖြတ်တောက်ခြင်း၊ သဲများကို စုပ်ယူခြင်း အစရှိသည့် လုပ်ဆောင်မှုများကို ပြုလုပ်နေကြောင်း ထိုင်ဝမ်က မကြာခဏ စောဒကတက်လေ့ရှိသည်။
ယခုစစ်ရေး လေ့ကျင့်မှုများကို ထိုင်ဝမ်၏ ကောင်းရှောင်းမြို့ အနီးတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထိုင်ဝမ်သမ္မတ လိုင်ချင်တေး (Lai Ching-te) က ကြီးကြပ်ခဲ့သည်။
ထို့နောက် ကူးတို့သင်္ဘောတစ်စင်းကို ပြည်ပအကြမ်းဖက်သမားများက ဝင်ရောက်စီးနင်းသည့် ပုံစံအတိုင်း သရုပ်ဖော် လေ့ကျင့်ခဲ့ခြင်းဖြစ်သည်။
ထိုင်ဝမ် ကမ်းခြေစောင့်တပ်ဖွဲ့ စစ်ရေးလေ့ကျင့်နေကြစဉ်
ကမ်းခြေစောင့်တပ်ဖွဲ့သည် ပြည်ထဲရေးဝန်ကြီးဌာန၏ ကယ်ဆင်ရေး ရဟတ်ယာဉ်နှင့် စစ်တပ်၏ ရဟတ်ယာဉ် တို့နှင့် ပူးပေါင်းကာ အကြမ်းဖက်သမားများ စီးနင်းထားသည့် သင်္ဘောပေါ်ကို တက်ပြီး အရပ်သားများကို ကယ်ထုတ်သော ပုံစံမျိုးဖြင့် လေ့ကျင့်ခဲ့ကြသည်။
စစ်ရေးလေ့ကျင့်မှု ပြီးဆုံးချိန်တွင် ရေတပ်၏ ရေငုပ်သင်္ဘောဖျက် ရဟတ်ယာဉ်က စစ်တပ်၏ ရဟတ်ယာဉ်၊ ကယ်ဆယ်ရေး ရဟတ်ယာဉ်တို့နှင့်အတူ ကောင်းကင်၌ ပျံဝဲနေပြီး ယခုအကြိမ်သည် မတူညီသည့် ရဟတ်ယာဉ် အမျိုးအစားများ ပထမဆုံးအကြိမ် ပူးပေါင်းပါဝင်ခဲ့ခြင်းဖြစ်သည်ဟု ကမ်းခြေစောင့်တပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။
“ထိုင်ဝမ်က တရုတ်ရဲ့ ခြိမ်းခြောက်မှုတွေနဲ့ အမြဲတမ်း ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် ကျနော်တို့ရဲ့ ကမ်းခြေစောင့် တပ်ဖွဲ့ဝင်တွေက ထိုင်ဝမ်ပြည်သူတွေရဲ့ ဘေးကင်းလုံခြုံမှုကို ကာကွယ်ဖို့ အမြဲတမ်း ရှေ့တန်းက ပါဝင်ခဲ့ပါတယ်” ဟု လိုင်က ပြောကြားခဲ့သည်။
ထိုင်ဝမ် ကမ်းခြေစောင့်တပ်ဖွဲ့ စစ်ရေးလေ့ကျင့်နေကြစဉ်
ထိုစစ်ရေး လေ့ကျင့်မှုကို တက်ရောက် ကြည့်ရှုသူများထဲတွင် ကောင်းရှောင်းမြို့ရှိ အမေရိကန် ထိပ်သီးသံတမန် နေးလ် ဂစ်ဘ်ဆင် (Neil Gibson) လည်း ပါဝင်ခဲ့သည်။
“အစိုးရအဖွဲ့က အမျိုးသားလုံခြုံရေးကို ကာကွယ်ဖို့ ထိုင်ဝမ်ရဲ့ ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်ကို ဘေးကင်းလုံခြုံစေဖို့ သက်ဆိုင်ရာဌာနအားလုံးရဲ့ စုပေါင်းအင်အားနဲ့ ဆက်လက်လုပ်ဆောင်သွားမှာပါ” ဟု လိုင်က ပြောကြားခဲ့သည်။
တရုတ်နှင့် ပဋိပက္ခ ဖြစ်ပွားလာပါက စစ်တပ်အတွင်း ပူးပေါင်းဝင်ရောက်မည့် ထိုင်ဝမ်ကမ်းခြေစောင့်တပ်ဖွဲ့သည် ထိုင်ဝမ်ကျွန်းအနီး တရုတ်၏ စစ်ရေးလေ့ကျင့်မှုများ၌ တရုတ်သင်္ဘောများကို နောက်ယောင်ခံပြီး လိုက်ပါ မောင်းနှင်လေ့ရှိသည်။
Source: ရိုက်တာ