CNI News

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၄

မြန်မာနိုင်ငံတွင် ကျင်းပရန် စီစဉ်နေသော လာမည့် ရွေးကောက်ပွဲ၌ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် လွှတ်တော်ကို အချိုးကျကိုယ်စားပြုစနစ်(PR)ဖြင့် လုပ်ဆောင်ခြင်းက မဖြစ်သင့်ကြောင်း တိုင်းရင်းသားပါတီ အချို့က CNI သတင်းဌာနသို့ ပြောသည်။

ရွေးကောက်ပွဲဥပဒေကို ဆဋ္ဌမအကြိမ် ပြင်ဆင်သည့် အထဲတွင် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော် အတွက် အချိုးကျကိုယ်စားပြုစနစ်ဖြင့် ရွေးကောက် တင်မြှောက်နိုင်ရန်ဟူ၍ ပါရှိပြီး အမျိုးသားလွှတ်တော်ကို မဲအများဆုံးရသူ အနိုင်ယူစနစ်(FPTP)ဖြင့် ရွေးကောက်တင်မြှောက်ရန် ပါရှိသည်။

တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်သည် အချိုးကျကိုယ်စားပြုစနစ် (PR) အစား မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) သာဖြစ်သင့်ကြောင်း နာဂအမျိုးသားပါတီ(NNP)ဥက္ကဋ္ဌ ဦးရှုမောင်က CNI သတင်းဌာနသို့ ပြောသည်။

PR စနစ် ကန့်ကွက်ကြစဉ်

၎င်းက “အဓိက,ကတော့ ကျနော်တို့အတွက်က တိုင်းဒေသကိစ္စတွေပေါ့၊ တိုင်းဒေသတို့၊ ပြည်နယ်တို့ 1, 2 ဆိုတဲ့ ကိစ္စတွေက တချို့ကိစ္စတွေက တကယ်လို့ PR နဲ့သွားမယ်ဆိုရင် ဥပမာ ကိုယ်ပိုင်အုပ်ခွင့်ရလို ကိစ္စမျိုးတွေမှာဆိုရင် ကျနော်တို့က လူဦးရေ ဥပမာ ကျနော်တို့ နာဂမှာဆိုရင် ၃ မြို့နယ်ရှိတယ်။ ဒေသဦးစီးအစိုးရကို၊ ဒေသဦးစီးအဖွဲ့ကို ဖွဲ့တဲ့ အချိန်မှာ ကျနော်တို့က ၆ ဦး + ၂၅ ရာခိုင်နှုန်းပေါ့။ အဲဒါနဲ့ ဖွဲ့ရတာကို။ အဲဒီမှာကြ ဘယ်လိုဖြစ်လာနိုင်လဲဆို ၆ ဦးနဲ့ ဖွဲ့ရမှာကြောင့် တကယ်လို့ PR နဲ့ တိုင်းဒေသတွေကို ပေးလိုက်တယ်ဆိုရင် ဒါဆိုရင် တိုင်းဒေသမှာ သူ့ရဲ့အချိုး ညီတယ်ဆိုရင် PR ရဲ့ သဘောသဘာဝအရ ရာခိုင်နှုန်း ညီတဲ့လူက လွှတ်တော်အမတ် အော်တိုဖြစ်လာမှာဆိုတော့ ဒေသမှာ လွှတ်တော်အမတ် ၆ ယောက်ပဲ တစ်မြို့နယ်ကို ၂ ယောက်နှုန်းနဲ့ 1,2 ပုံစံမျိုးနဲ့က မြို့နယ် ၃ ခုရှိရင် ၆ ယောက်ဆိုတဲ့ ပုံစံမဟုတ်ဘဲနဲ့ နောက်ထပ် PR ရဲ့အချိုးအရ ပါလာနိုင်တဲ့ နောက်ထပ် လွှတ်တော်အမတ်တွေ များလာမလားဆိုတာလည်း စဉ်းစားစရာတော့ ရှိလာတာပေါ့။ အဲဒီလိုမျိုး အကျိုးသက်ရောက်မှုလေးတွေတော့ ရှိနိုင်တယ်” ဟု ပြောသည်။

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်များအတွက် ဥပဒေ အား ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၉ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီတို့ ယခင်က ဆွေးနွေးခဲ့ကြရာတွင် ပြည်သူ့လွှတ်တော်ကို မဲအများဆုံးရသူ အနိုင်ယူစနစ်(FPTP)၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော် ကို အချိုးကျကိုယ်စားပြုစနစ်(PR)ဖြင့် ကျင်းပမည်ဟူ၍ ဖြစ်ကြောင်း ပါတီများထံမှ သိရသည်။

လွှတ်တော် ၃ ရပ်တွင် အချိုးကျကိုယ်စားပြုစနစ်(PR)ဖြင့် အကိုက်ညီဆုံးသည် အမျိုးသားလွှတ်တော် တစ်ခု တည်းဖြစ်ပြီး ၎င်းကို ချန်လှပ်၍ အခြားလွှတ်တော် နေရာများကို PR လုပ်ပါက အလကားဟုမြင်ကြောင်း လီဆူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)မှဥက္ကဋ္ဌ ဦးလီပေါ်ရဲ့က CNI သတင်းဌာနသို့ ပြောသည်။

ရွေးကောက်ပွဲ မဲပေးနေကြစဉ်

ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ကို PR စနစ် လုပ်ဆောင်ထားခြင်းသည် အခြေခံဥပဒေကို ဆန့်ကျင်နေကြောင်း ၎င်းက ပြောသည်။

ဦးလီပေါ်ရဲ့က “ဒါပေမယ့် သူတို့ဖြစ်ချင်တဲ့ ရွေးကောက်ပွဲစနစ်က အမျိုးသားလွှတ်တော်က PR မှ မလုပ်ရင်တော့ ကျန်တဲ့ဟာက PR လုပ်ရင်လည်း အလကားပဲ ကျနော်တို့ မြင်တာကြတော့လေ။ တိုင်းဒေသကြီး (သို့)ပြည်နယ် ကလည်း သူက တကယ်တမ်း အခြေခံဥပဒေအရတော့ PR လုပ်တာ သိပ်မကိုက်ဘူး။ PR လုပ်တာ သိပ် အကိုက် ဆုံးက အမျိုးသားလွှတ်တော်ပဲ။ တကယ့် အခြေခံဥပဒေအရလည်း လွတ်လွတ်လပ်လပ် လုပ်လို့ရတယ်။ ဒီပြည်သူ့ လွှတ်တော်တို့၊ တိုင်းဒေသကြီး (သို့) ပြည်နယ်လွှတ်တော်တို့ PR လုပ်တာက အခြေခံဥပဒေနဲ့ သိပ်မကိုက်ဘူးပေါ့။ ရှင်းရှင်းပြောရရင် အခြေခံဥပဒေနဲ့လည်း ဆန့်ကျင်တာပေါ့။ လုပ်သင့်တာက အန်ကယ်တို့လည်း မြင်တယ်လေ။ အမျိုးသားလွှတ်တော်က လုပ်သင့်တယ်။ အဲဒီလိုပဲမြင်တယ်။ နဂိုကလည်း ကြားထားတယ်။ ခါတိုင်း ကြားထားတာ က အမျိုးသားလွှတ်တော်ကို PR နဲ့သွားမယ်။ ပြည်သူ့လွှတ်တော်ကိုကြတော့ နဂိုရွေးကောက်ပွဲစနစ်ဖြစ်တဲ့ FPTP စနစ်နဲ့ သွားမယ်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်ကြတော့ PR နဲ့သွားမယ်ပေါ့။ နောက်တစ်ခု တိုင်းရင်းသားရေးရာ ကိုယ်စားလှယ်ကကြတော့ FPTP နဲ့သွားမယ်ဆိုတာတော့ အဲဒီလိုပဲ သိထားတာလေ” ဟု ပြောသည်။

ရွေးကောက်ပွဲကို လာမည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတို့တွင် ကျင်းပသွားမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတကာကို ကတိကဝတ်ပြု ပြောကြားထားပြီး ဇူလိုင် ၃၁ ရက်နေ့မှ စတင်ကာ နိုင်ငံတော်အုပ်ချုပ်မှုပုံစံလည်း ပြောင်းလဲသွားခဲ့သည်။

လက်ရှိတွင် နိုင်ငံတော်ကို ကာ/လုံနှင့် ပြည်ထောင်စုအစိုးရအဖွဲ့အပြင် နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့် အေးချမ်းသာယာရေး၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ကိုလည်း ဖွဲ့စည်းထားသည်။