CNI New

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၄

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၀ ခုအတွင်းက မြို့နယ် ၆၃ မြို့နယ်ကို အရေးပေါ် အခြေအနေကြေညာခဲ့ခြင်းက စစ်ရေးအရ သီးသန့်တိုက်မည့် သဘောမျိုးရှိနိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။

နယ်မြေ‌ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်ပေါင်း ၆၃ မြို့နယ်ကို အရေးပေါ် အခြေအနေ ကြေညာလိုက်သည်ဟု အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

စစ်ရေး အခြေအနေအရ ရက် ၉၀ အတွင်း သီးသန့်တိုက်မည်ဆိုသည့် သဘောမျိုးကို သက်ရောက်ကြောင်း၊  ၆၃ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ထပ်ကြေညာ သောကြောင့် စစ်ရေး ပြင်းထန်လာမလား စိုးရိမ်မိသည်ဟု တိုင်းလိုင် (ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

အရေးပေါ် အခြေအနေ ကြေညာမှုကို တွေ့ရစဉ်

၎င်းက “စစ်ရေး အခြေအနေကတော့ ဒီရက် ၉၀ အတွင်းမှာတော့ တင်းခံမယ်လို့တော့ ခန့်မှန်းရတာပေါ့။ အဲမှာ ကြတော့ ကျနော် ထူးခြားတာပေါ့လေ။ ကချင်ပြည်နယ် ထဲမှာဆိုရင်တော့ ရွှေကူက ပါနေတယ်။ ရွှေကူမှာက တော့ တောင်ခြေကျေးရွာတွေ ပြဿနာဖြစ်‌ပေမပေ ကျနော်တို့ ရွှေကူမြို့မှာ အေးဆေး ဖြစ်နေတယ်ပေါ့။ အခု တကယ်တန်း ဖြစ်နေတာကတော့ ဗန်းမော် တိုက်ပွဲပေါ့နော်။ ဗန်းမော်မှာ တိုက်ပွဲ အကြီးအကျယ်တွေ ဖြစ်နေ တယ်၊ မြို့ပေါ်မှာတွေရော စစ်ဘေးရှောင်တွေလည်း ဘေးကိုရှောင်ရတယ်ပေါ့။ နောက်ပြီးတော့ မံစီတို့၊ မိုးမောက် တို့ကလည်း KIA က သိမ်းထားတယ်။ အဲမြို့နယ်တွေ မပါဘဲနဲ့ ဗန်းမော် မပါဘဲနဲ့ ရွှေကူပါနေတာကြီးကို ကျနော် လည်း နည်းနည်းတော့ စဉ်းစားကြည့်တာ အဖြေတော့ သိပ်မထွက်ဘူးပေါ့။ ဒီရက် ၉၀ အတွင်းမှာ ဒီသီးသန့် တိုက်မယ်ဆိုတဲ့ သဘောမျိုးကို သက်ရောက်တယ်ပေါ့‌‌ဗျာ။ အခုလည်း မာရှယ်လော တစ်နိုင်ငံလုံးကို မာရှယ်လော လုပ်တယ် စစ်အုပ်ချုပ်ရေး ရုပ်သိမ်းထားပြီးမှ ဒီ ၆၃ မြို့နယ်ကို ပြန်ပြီးမှ ထပ်ကြေညာတယ်ဆိုတဲ့ အခါကြတော့ အဲတာလေးကို စစ်ပွဲတွေတော့ အဲမြို့နယ်တွေမှာ တော်တော် ပြင်းထန်လာမလား ကျနော် စိုးရိမ်မိတယ်ဗျ။ ဒါကြောင့် အခု ကျနော်တို့ ဒီမြို့နယ်တွေကတော့ ခုလောလောဆယ် အခြေအနေတွေ အရတော့ စစ်ရေး ဥပဒေ အရတော့ နိုင်ငံရေးကတော့ ဘောင်တော်တော် ကျဉ်းသွားတဲ့ အခါကြတော့ လုပ်ရကိုင်ရတာ တော်တော် ကျပ်တည်း သွားမယ်လို့တော့ မြင်တာပေါ့”ဟု ပြောသည်။

လက်ရှိ အရေးပေါ် အခြေအနေ ကြေညာထားသည့် မြို့နယ်များမှာ ကချင်ပြည်နယ် ၅ မြို့နယ်၊ ကယားပြည်နယ် ၃ မြို့နယ်၊ ကရင်ပြည်နယ် ၂ မြို့နယ်၊ ချင်းပြည်နယ် ၇ မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး ၉ မြို့နယ်၊ မကွေးတိုင်း ဒေသကြီး ၅ မြို့နယ်၊ မန္တလေးတိုင်း ဒေသကြီး ၃ မြို့နယ်၊ ရခိုင်ပြည်နယ် ၁၄ မြို့နယ်၊ ရှမ်းပြည်နယ် ၁၅ မြို့နယ် စုစုပေါင်း ၆၃ မြို့နယ်ဖြစ်သည်။

ဤမြို့နယ်များသည် ရက်ပေါင်း ၉၀ အထိ ဖြစ်သည်။

စစ်အုပ်ချုပ်ရေး ကြေညာခြင်းက နယ်မြေတည်ငြိမ်အေး ချမ်းရေးဖော်ဆောင်ရန်အတွက် ဖြစ်ကြောင်း သေနင်္ဂ မဟာဗျူဟာ လေ့လာရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။ 

ချင်းပြည်နယ်ကို တွေ့ရစဉ်

၎င်း “အဓိက,က စစ်အုပ်ချုပ်ရေး ကြေညာတယ်ဆိုတာ လုံခြုံရေးပိုင်းဆိုတာ နယ်မြေတည်ငြိမ် လုံခြုံအောင် ထိန်းသိမ်းဖို့ အဲဒီနယ်မြေတွေမှာ လက်နက်ကိုင်ပြီးတော့ အစိုးရကို ပုန်ကန်တိုက်ခိုက်နေတဲ့ သူတွေက ပြန်ပြီး တော့ စစ်‌ရေးလူပ်ရှားမှု တိုးလာတယ်ဆိုရင်တော့ ထိခိုက်မှု ပိုပြီးတော့ များလိမ့်မယ်။ သူတို့က အဲတာတွေကို မလှုပ်ဘူး လက်နက်ကိုင် လမ်းစဥ်ကို စွန့်လွှတ်ပြီးတော့ ရိုးသားမယ်ဆိုရင်တော့ စစ်ရေး ထိခိုက်မှုက လျော့သွား မှာပေါ့။ အဲတာကတော့ မြေပြင် အခြေအနေပေါ် မူတည်ပြီးတော့ အဖြေထွက်လာပါလိမ့်မယ်။ ဗဟိုအစိုးရ တစ်ရပ် အနေနဲ့ အုပ်ချုပ်ရေး ပျက်ပြားနေမယ်ဆိုရင်တော့ ဗဟိုအစိုးရရဲ့ကိစ္စ ကောင်းကောင်း မလုပ်နိုင်ဘူးပေါ့။ ဗဟို အစိုးရ အုပ်ချုပ်မှုအောက်က လွတ်နေတယ်ဆိုရင်တော့ ဖြစ်ချင်သလို ဖြစ်နေမှာပေါ့။ ဒါကတော့ လက်တွေ့လည်း အကုန်လုံး မြင်နေကြတဲ့ အတိုင်းပဲလေ။ သိပ်တော့ အထွေအထူး ရှင်းပြဖို့တော့ မရှိပါဘူး”ဟု ပြောသည်။

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက အရေးပေါ်အခြေအနေ ကြေညာခဲ့သော မြို့နယ် ၆၃ မြို့နယ် သည် TNLA၊ AA၊ KNU၊ KIA၊ CNF၊ PDF များနှင့် မြန်မာ့တပ်မတော်ကြား တိုက်ပွဲများ ဖြစ်ပွားနေသော မြို့နယ် များဖြစ်သည်။

လက်ရှိတွင် မြန်မာ့တပ်မတော်သည် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်၊ ကျောက်မဲ၊ သီပေါကို ထိုးစစ်ဆင် တိုက်ခိုက်နေသလို KIA က မြို့သိမ်း ဆင်နွှဲနေသော ဗန်းမော်မြို့ မကျရေးကိုလည်း ခုခံစစ် ဆင်နွှဲနေသည်။

အလားတူ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်တို့မှာလည်း မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင်များ ကြား တိုက်ပွဲများ ဖြစ်ပွားနေသည်။